မဲခေါင်၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ဘက်ကမ်းမှာ စစ်ကောင်စီတပ်က ညဘက် လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ညစဉ် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းမှာ လက်နက်ကြီးတွေ ရမ်းန်း ပစ်ခတ်နေတာကြောင့် ဒေသခံ လူထု အနေနဲ့ စိုးရိမ် ထိတ်လန့် နေပါတယ်။
“မနေ့ညရော ရှေ့တစ်ညရော ပစ်တယ်။ တစ်ခါပစ်ရင် ၁၀ ချက်ကျော်တယ်လေ။ တိုက်ပွဲ မဖြစ်လည်း ပစ်နေတာပဲ။ အရင်တုန်းက အဲ့လိုပစ်လို့ ပြည်သူလူထုကို ထိခိုက်တာ သေတာ ရှိတယ်လေ။ အခုလည်း ကြောက်နေရတယ်” လို့ ဖယ်ခုံမြို့နယ်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့နယ်သာမက ဖယ်ခုံ-ပင်လောင်း နယ်စပ်ဘက်မှာလည်း မကြာခဏ လက်နက်ကြီး ပစ်ခတ်တာ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၇ ရက်နေ့ညမှာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ဘက်ကမ်းရှိ စစ်ဘေးရှောင်တွေ နေထိုင်ရာကို နှစ်ဆင့်ကွဲ လက်နက်ကြီးနဲ့ ၁၁ ချက် ပစ်ခတ်ခဲ့ပေမယ့် ကံကောင်းထောက်မပြီး ပြည်သူလူထု ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ မိုးဗြဲ Local PDF က ဆိုပါတယ်။
ဒါ့အပြင် မနေ့ညက မိုးဗြဲ အနောက်ဘက်ကမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁၅ ချက် ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ မိုးဗြဲ Local PDF က ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ကောင်စီတပ်နဲ့ PNOပြည်သူ့စစ် ပူးပေါင်းတပ်ဟာ ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ်မှာ အင်အား တိုးမြှင့်ထားပြီး ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် အဲ့ဒီဒေသမှာ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
CJ-002
#MekongNews
#ဖယ်ခုံမြို့
#PNO_ပြည်သူ့စစ်
#လက်နက်ကြီး








