ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လည် ၂ နာရီခွဲမှာ ကြို့ကိုးပင်ရွာနဲ့ ဝိုင်းရွာကြားမှာ ဆိုင်ကယ်တွေနဲ့ ပြန်လာတဲ့ စစ်သား အင်အား ၁၀ ဦးကျော်ကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဟာ ရမ်းသန်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံး ထိခိုက်ဒဏ်ရာရသူတွေကို စစ်တပ်က လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားပြီး စစ်ကူတွေ ရောက်လာကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ပေမယ့် ဖမ်းဆီးတာတော့ မရှိဘူးလို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအုပ်စု၊ မြာကျေးရွာမှာ စစ်ကောင်စီတပ် ခလရ (၂၆) သံချပ်ကာတပ်ရင်းက စစ်အင်အား ၇၀ ကျော်နဲ့ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ၊ ကျေးရွာကာကွယ်ရေး ပကဖတို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက် အကျအဆုံး မရှိဘဲ စစ်ကောင်စီက မြာကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။