မဲခေါင်၊ ဇန်နဝါရီ ၂၆
အိန္ဒိယရဲ့ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဟာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေ အပေါ်မှာလည်း ထွန်းလင်းနိုင်ပါစေလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ (၇၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာ ပေးပို့ခဲ့တာပါ။
“အိန္ဒိယ ပြည်သူအများ ငြိမ်းချမ်းသာယာ ရှိပါစေ၊ အိန္ဒိယ သမ္မတ နိုင်ငံတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ” လို့လည်း သူက ဆုမွန်ကောင်း တောင်းပေးပါတယ်။
ဝန်ကြီးဒေါ်ဇင်မာအောင်က အခု မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေမှုကို အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပြီး မိမိတို့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ မြန်မာပြည်သူတွေ အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ဒေသတွင်း အရေးပါမှုကို နားလည် သဘောပေါက်ထားတယ်လို့ ထည့်သွင်း ရေးသားထားပါတယ်။
NUG နဲ့ မြန်မာပြည်သူတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ဖြန့်ကျက်စေနိုင်ပြီး အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွား၊ စီးပွားရေး စီမံကိန်းတွေကို ပိုမို အကျိုးဖြစ်ထွန်း စေမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အနာဂတ် နိုင်ငံတော်သစ်မှာ အိန္ဒိယနိုင်ငံနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ NUG က မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
ပုံစာ- အိန္ဒိယနိုင်ငံရဲ့ (၇၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှာ ပြုလုပ်နေစဉ်။
ဓာတ်ပုံ – အိန္ဒိယသံရုံး။
MK-003
#MeKongNews