မြန်မာနိုင်ငံက အခြေအနေတွေ ဆက်လက်ဆိုးရွားလာတဲ့အတွက် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ဖယ်ချန်ထားဖို့ နောက်ထပ်ခြေလှမ်းတွေကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က စဉ်းစားနေပါတယ်။
အခြေအနေအရလိုအပ်လာခဲ့ရင် အနာဂတ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ကို နောက်ထပ်ပြန်လည်သုံးသပ်ဖို့ အာဆီယံညှိနှိုင်းရေးကောင်စီကို လုပ်ငန်းတာဝန်ပေးအပ်ထားတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာ အာဆီယံခေါင်းဆောင်တွေက ထုတ်ပြန်ပါတယ်။
အာဆီယံအစည်းအဝေးတွေမှာ မြန်မာအာဏာသိမ်းစစ်တပ်တက်ရောက်ခွင့်ပိတ်ပင်ဖို့ ၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပြုထားထားတာပါ။
အဲဒီကိစ္စကို အာဆီယံခေါင်းဆောင်တွေ အချိန်ယူပြီး ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်လို့ ဝီဒိုဒိုပြောတယ်ဆိုပြီး ဘလွန်းဘာ့ဂ်သတင်းဌာနကဖော်ပြပါတယ်။
“အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေထက်ကျော်လွန်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးမနွယ်တဲ့ကိုယ်စားပြုမှုတွေကိုပါခွင့်မပြုဖို့ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုထားပါတယ်” လို့ ဝီဒိုဒိုကပြောပါတယ်။
အာဆီယံအဖွဲ့က အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးမနွယ်သူကိုသာတက်ရောက်ခွင့်ပေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို အာဆီယံက ဆက်လက်ထိန်းသိမ်းထားမှာပါ။
ဘုံသဘောတူညီချက် ၅ ချက်လို့သိကြတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုအတွက် အချိန်ကာလနဲ့ အကောင်အထည်ဖော်ရေးအစီအစဉ်အတွက်လည်း ဒေသခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ ၁၈ လတုန်းက အဲဒီအစီအစဉ်အတွက် ပထမဆုံးအဆိုပြုခဲ့ပေမဲ့ အကောင်အထည်ပေါ်လာတာ အနည်းအကျဉ်းသာရှိပါသေးတယ်။
တိကျခိုင်မာ၊ လက်တွေ့ကျပြီး တိုင်းတာနိုင်တဲ့ညွှန်းကိန်းတွေ၊ တိကျတဲ့အချိန်ကာလတို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ပံ့မယ့် အကောင်အထည်ဖော်ရေးအစီအစဉ်လိုအပ်နေတယ်လို့ သောကြာနေ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အကောင်အထည်ဖော်ရေးအစီအစဉ်ဖြစ်လာဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်လွှဲပြောင်းထားတယ်လို့ ခေါင်းဆောင်တွေကပြောပါတယ်။