မဲခေါင်၊ စက်တင်ဘာ ၁၈
မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ မနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ နယ်မြေလုံခြုံရေးအတွက် ပူးပေါင်းစစ်ဆေးခဲ့ကြပါတယ်။
ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်လမ်းဝဆီဆိုင်အနီး ပြည်ထောင်စုလမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီဘက်တော်သားတွေ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့တာလို့ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက အသိပေးထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုစစ်ဆေးခဲ့ရာမှာ ပြည်သူတွေအနေနဲ့ အပြည့်အဝပူးပေါင်း ပါဝင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မော်လမြိုင်-ရေး-ထားဝယ်လမ်းပေါ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ နေ့တိုင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက အသိပေးထုတ်ပြန်ပါတယ်။
#MeKongNews
#KNLA
#ရေး
#ထားဝယ်
#မြိတ်
#အမှတ်၈


