မဲခေါင်၊ မတ် ၄
ရန်ုကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇ အကျော်တွင် တောင်ကြီး- မြဝတီ ခရီးသည်တင်ယာဉ် ဒို့ညီနောင် တိမ်းမှောက်ခဲ့ပြီး မြန်မာပြည် လက်ဝှေ့ချန်ပီယံဟောင်း ရွှေဒူဝံ၊ စစ်တပ်အရာရှိ တစ်ဦးနဲ့ ယာဉ်နောက်လိုက် တစ်ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၄ ရက်နေ့၊ မနက် ၅ နာရီကျော်က ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူများကို နေပြည်တော်နဲ့ ဆွာဆေးရုံတွေမှာ တင်ပို့ထားတယ်လို့ သူကပြောပါတယ်။
“ သေဆုံးတာက အမျိုးသား ၃ ယောက် သေတယ်။ စစ်တပ်က တစ်ယောက်ကတော့ တပ်မတော်ဆေးရုံကို ရောက်သွားပြီ။ လူနာအချို့ နေပြည်တော် ကုတင် ၁၀၀၀ ကို ပို့ထားတယ်။ တစ်ချို့ကတော့ ဆွာဆေးရုံမှာ တင်ထားတယ်။ လာပြီး ကူညီတဲ့ အဖွဲ့တွေက အများကြီး ဆိုတော့ အဆင်ပြေအောင် ကူညီပေးထားပါတယ်” လို့ သွားရောက်ကူညီပေးသူ တစ်ဦးက ပြောပါတယ်။
သေဆုံးသူ မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း ရွှေဒူဝံ ရုပ်အလောင်းကိုတော့ ဆွာဆေးရုံမှာ ထားရှိပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူများ အနက် မြဝတီမြို့သို့ ၃ ဦး၊ ကော့ကရိတ်မြို့သို့ တစ်ဦးနဲ့ အခြားမြို့သို့ တစ်ဦး ပို့ဆောင်ပေးထားတယ်လို့ အမြန်လမ်း ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
MK-005
#MeKongNews
#အမြန်လမ်း #ရွှေဓူဝံ ယာဉ်တိမ်းမှောက်