မဲခေါင်၊ ဇန်နဝါရီ ၂၉
စစ်တပ်ပိုင်ဝါဒဖြန့်မီဒီယာတွေမှာ ဒီကနေ့ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၂၀ မိုင် ၅ ဖာလုံမှာ ပစ်ခတ်ဖမ်းဆီး ရမိခဲ့တယ်ဆိုပြီး နေ့လည်ပိုင်းကစတင်ကာ သတင်းနဲ့ ဓာတ်ပုံတွေတင်ထားခဲ့တာဖြစ်တယ်လို့ ပဲခူးမြို့တွင်နေထိုင်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ ဒီရက်ပိုင်း ပဲခူးတိုင်းထဲမှာ နန်းထိုက်အောင်စစ်ဆင်ရေးတွေ အောင်မြင်နေတယ်။ အဲ့ဒါကြောင့် ဝါဒဖြန့်သတင်းတွေ တင်တာပေါ့။ သတင်းထဲမှာ ဘယ်အချိန်ဖြစ်တယ် မပါဘူး။ တကယ်ဖြစ်ရင်တော့ သူတို့နိုင်ငံပိုင်မီဒီယာကနေ ကြေညာမှာလေ။ အဲ့လိုကားနဲ့ခုလိုပစ္စည်းတွေသယ်ရင် စစ်ဆေးဂိတ်မှာထဲက မိပြီ” လို့ သူကပြောပါတယ်။
စစ်တပ်က ရန်ကုန်တိုင်းအတွင်းမှာလည်း စစ်တပ်ပိုင်ဝါဒဖြန့်မီဒီယာတွေကတဆင့် လက်ပစ်ဗုံး၊ မိုင်းနဲ့ သေနတ်များ ဖမ်းဆီးရမိကြောင်း ဝါဒဖြန့်ပြီး သတင်းထုတ်ဝေမှုတွေရှိတယ်လို့ ဒေသံတွေကပြောပါတယ်။
“ အခုရက်ပိုင်းမှာပဲ စမ်းချောင်းမြို့နယ်ထဲမှာဖြစ်တာ။ ဘုန်းကြီးကျောင်းမှာ ဗုံးသီးတွေနဲ့ သေနတ်မိတယ်ပြောတယ်။ အဲ့အချိန်မှာ ဘုန်းကြီးကျောင်းနားမှာ ဘာရဲကားမှမရှိဘူး။ ရွှေပြည်သာမှာလည်း သေနတ်မိလို့ အိမ်ရှင်တစ်ဦး ဖမ်းမိတယ်ဆိုပြီး လုပ်တယ်။ ဘယ်မှာနေတယ် ဘယ်ရပ်ကွက်ဆိုတာလည်း မပါဘူး။ နေ့တိုင်းလို ဒီကောင်တွေ သတင်းအတုတွေတင်ပြီး လူတွေကြောက်အောင် လုပ်နေတာ” လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အမြန်လမ်းဖြစ်ပွားခဲ့တဲ့ ယခုပစ်ခတ်ဖမ်းဆီးမှုရှိမရှိကို အတည်ပြုရန်အတွက် အမြန်လမ်းရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ပေမယ့် မသိရှိရသေးဘူးလို့ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။
MK-005