မဲခေါင်၊ မေ ၂
အတုအယောင် ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်လိုတဲ့ စစ်အုပ်စုကို ဆက်လက် ခုခံတော်လှန်သွားမယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP က ဒီကနေ့ မေလ ၂ ရက်မှာ ကျရောက်တဲ့ ပါတီတည်ထောင်မှု (၆၆) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။
ကရင်နီ ပြည်သူ တစ်ရပ်လုံး ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ လက်နက်ကိုင် တော်လှန်ရေး အပြင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ KNPP အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် အတုအယောင် ငြိမ်းချမ်းမှုကိုသာ လိုချင်တဲ့ စစ်အုပ်စုက ထပ်မံ အာဏာ သိမ်းခဲ့တာကြောင့် အာဏာရှင်စနစ် မှန်သမျှ တိုက်ဖျက်ဖို့ ပြည်သူ တစ်ရပ်လုံး ဘက်က ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်နေတဲ့ အာဏာရှင် တိုက်ဖျက်ရေး တိုက်ပွဲမှာ ပြည်သူဘက်က ရပ်တည်ပြီး KNPP ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကရင်နီ အမျိုးသားထု တစ်ရပ်လုံး ဖိနှိပ်မှုက လွတ်မြောက်ပြီး တရားမျှတရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲကို ဆက်လက် ဆင်နွှဲသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဖော်ပြထားပါတယ်။
ဖဆပလ အစိုးရရဲ့ နယ်ချဲ့ ကျူးကျော်မှုကြောင့် ဆုံးရှုံးသွားတဲ့ ကရင်နီပြည်ရဲ့ သီးခြား လွတ်လပ်မှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ပြန်လည်ရရှိဖို့ စတင်ခဲ့တဲ့ ကရင်နီ အမျိုးသား ခုခံ တော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့ KNPP ကို ၁၉၅၇ ခုနှစ်၊ မေလ ၂ ရက်နေ့က ကရင်နီပြည်နယ်၊ လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ (ကသိုးခီး) ကျေးရွာမှာ စတင် တည်ထောင်ခဲ့ပါတယ်။
MK-009
#MeKongNews
#KNPP
#ဖဆပလ
#ဖက်ဒရယ်ပြည်ထောင်စု
