မဲခေါင်၊ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်း ၂ လုံးနဲ့ သတိပေး တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က မဲခေါင်သတင်းကို ပြောပါတယ်။
မနေ့က ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်မှာ လူဦးရေစာရင်း ကောက်ခံဖို့ပြင်ဆင်နေတဲ့ ကောက်မရှင်ရုံးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ပြီးနောက် အင်းတော်အခြေစိုက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“မြို့ပြပြောက်ကျား အဖွဲ့ကပါ။ ရုံးကို ထိခိုက်မှုတော့ မရှိပါဘူးဗျ။ သတိပေးတဲ့အနေနဲ့ ခွဲတာပါ။ ခွေးတွေပစ်လို့ ပြည်သူ ၂ ယောက်တော့ ထိတယ်ဗျ။ မြို့ပေါ်က လူတွေပါပဲ၊ ဒဏ်ရာ မပြင်းပါဘူး” လို့ Indaw Revolution – IR တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။
စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်တွေဟာ အင်းတော်သင်္ချိုင်းဘက်ကို ၂ လုံးနဲ့ ဈေးအရှေ့ဘက်ကို တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးနဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အင်းတော်ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လူဦးရေစာရင်း ကောက်ယူမှုတွေ ဇန်နဝါရီလအတွင်း အပြီးလုပ်မယ်လို့ ကြေညာထားပြီး နိုင်ငံတဝန်းမှာ စာရင်းကောက်ယူနေပါတယ်။
ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေ၊ ဒေသခံ ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့နဲ့ ခြိမ်းခြောက်ခံရတာတွေရှိရင် ဒေသခံအဖွဲ့တွေကို တိုင်ကြားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အင်းတော်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်တာတွေ မလုပ်ဖို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
MK-009