ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄/တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင် ယနေ့ မနက်ပိုင်းက အနုကြမ်းစီး လုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး လုယက်သူများက ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ ထိုးသတ်သွားပါတယ်။
ယနေ့၊ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်က နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ချောရတနာ ကုန်စုံဆိုင်အတွင်းသို့ အမျိုးသား ၃ ဦး ဝင်ရောက်လာပြီး ဈေးရောင်းနေတဲ့ မိသားစုဝင် ၄ ဦးကို ဓားထောက် လု ယက်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ ဈေးဝယ်မယ့် ပုံစံလုပ်ပြီး ဝင်လာကြတာ။ ဆိုင်ကလည်း အမျိုးသမီးတွေကြီးပဲ ဆိုတော့ ပြန်မလုပ်ရဲကြဘူး။ အဲ့ဒါတောင်ပစ္စည်းလည်း ယူတယ်။ လူကိုလည်း ဓားနဲ့ထိုးသတ်သွားတာ။ ဆေးရုံပို့ပေမယ့် ရထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံရောက်တော့ ဆုံးတာပါပဲ” လို့ သူကပြောပါတယ်။
လုယက်လူသတ်ခဲ့တဲ့ အမျိုးသား ၃ ယောက်ဟာ ဆိုင်အတွင်း ဈေးရောင်းနေတဲ့ အမျိုးသမီး ၂ ဦး ဝတ်ဆင်ထားတဲ့ ဆွဲကြိုး၊ နားကပ်များကို ချွတ်ယူခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ ဒေါ်ချောချော လည်ပင်းနဲ့ ရင်ဘက်တို့ကို ဓားနဲ့ထိုးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ သူတို့တွေက ကောင်မလေးတွေ ဓားထောက်ပြီး အိမ်နောက်ဖေး ခေါ်သွားတယ်။ ပြီးတော့မှ ရွှေတွေ ချွတ်ယူတာ။ သေသွားတဲ့ အန်တီက ပြန်ခုခံလို့ သတ်သွားတာလို့ကြားတယ်။ ဈေးရောင်းထားတဲ့ ပိုက်ဆံ ၃ သိန်းလည်း ယူသွားတယ်။ ကျန်တဲ့သူတွေတော့ ထိခိုက်မိတာ မရှိပါဘူး” လို့ သူကပြောပါတယ်။
ရန်ကုန်တိုင်း အတွင်း နေ့စဉ် အုပ်စုဖွဲ့ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ဖြစ်ပွားပေမယ့် ကျူးလွန်ခဲ့တဲ့ တရားခံတွေကို စစ်ကောင်စီက ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
ယခုလ ၂ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်မှာ အမျိုးသား ၃ ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူ အမျိုးသားကို ဓားနဲ့ထိုးပြီး ပိုက်ဆံသိန်း ၂၈၀ ကျော် ဖုန်း ၄ လုံးနဲ့ ကားတို့ကို ယူဆောင်သွားခဲ့ပေမယ့် ပြစ်မှု ကျူးလွန်သူတွေကို ယနေ့ချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။