ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာထိပ် တံတားမှာ ဒီကနေ့ နံနက်က အသက်ကြီးပိုင်း အမျိုးသား တစ်ဦးကို စစ်ကောင်စီ တပ်သားတွေ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ Dawei Information Center ထံမှ သိရပါတယ်။
ယနေ့ နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၆ နာရီခွဲကျော်က စစ်ကောင်စီတပ်သားတွေဟာ ဦးစိုးမြင့် ဆိုသူကို အကြောင်းပြချက်မရှိဘဲ တံတားပေါ်မှာ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ပြီး သဲချောင်းကြီးရွာ ရဲစခန်းကို ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ လူကိုမြင်တာနဲ့ စစ်သားတွေက လှမ်းတား လိုက်ပါတယ်။ ကြောက်ပြီး ထွက်ပြေးလို့ ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ပါတယ်။ ပစ်ခံရတဲ့သူ ထိမှန်လဲကျ သွားပြီး စစ်သားတွေ ဆွဲခေါ်သွားကြတယ်။ အချိန်မီ ဆေးကုသခွင့် မရလို့ ညနေပိုင်းမှာ သွေးထွက်လွန် ဆုံးပါးသွားခဲ့ပါတယ်” လို့ ဒေသခံက ဆက်ပြောပါတယ်။
ဦးစိုးမြင့်ဟာ တောင်ပျောက်တိုက်နယ် အတွင်းရှိ ကျွဲခြံရွာမှာ နေထိုင်ပြီး အနေအေးသူ ဖြစ်ကာ ရွာသို့ ပြန်လာစဉ် ဝင်းကဖော်ရွာထိပ် တံတားမှာ ပစ်သတ်ခံရတာ ဖြစ်ပြီး စစ်တပ်က မိသားစုဝင်တွေထံ အလောင်း ပြန်မပေးဘူးလို့ သိရပါတယ်။
ဝင်းကဖော်ရွာတံတားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီက ခရီးသွား အမျိုးသား ၄ ဦးကို သေနတ် ၂ လက်နဲ့ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။