ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်အချိန်လောက် က လားရှိုးမြို့၊ ရပ်ကွက် ၅ အထက်ရှိ ရေကန်တောင်အမှတ် ၉ မှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လောက်ကိုင်မြို့မှာလည်း ဒီဇင်ဘာ ၂၆ ရက်ကပဲ ကျင်ကျန်းသွားသို့သွားတဲ့ ကားလမ်းဘေးရှိ အမှိုက်ပုံမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဒီဇင်ဘာ ၁၄ ရက်က လားရှိုးမြို့ ရပ်ကွက် ၁ရှိ ချယ်ရီမြိုင် ၁လမ်းနဲ့ ကောင်းကြဲ (အီ)ကျေးရွာအုပ်စု ဖာလျှံရွာရဲ့ ရွာချင်းဆက်လမ်းရှိ တောလမ်းတစ်နေရာမှာ ဓားထိုးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တာပါ။
ဒီဇင်ဘာ ၁၃ ရက်၊ ည ၁၀နာရီဝန်းကျင်ကလည်း လားရှိုးမြို့ ရပ်ကွက်(၈)ရှိ မန်ဆူအဝေးပြေး ကားကွင်းပေါက်အနီးမှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းနဲ့ ဒီဇင်ဘာ ၆ရက်က ရပ်ကွက် (၁၂)ရှိ သီတာလမ်း တံတားဘေးနားမှာလည်း ပိုင်ရှင်မဲ့အလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ဒုတိယပါတ်အတွင်း ဆင်ဖြူပေါက်အနီးမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း မူဆယ်မြို့နယ်ထဲ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်း ၂ လောင်းနဲ့ လားရှိုးမြို့နယ် မှာ ပိုင်ရှင်မဲ့အလောင်း ၆ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။