မဲခေါင်၊ မေ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မှာ ဒီကနေ့ မေလ ၂၂ ရက် မနက်ပိုင်းက လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၁၂ )၊ နယ်မြေ (၂၀)အနီး ၊ အေတီရှမ်းကုန်း ဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နည်းပညာအစိုးရ အထက်တန်းကျောင်းနဲ့ လူနေအိမ်တစ်ချို့ ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
“အစိုးရနည်းပညာ အထက်တန်းကျောင်းပါခင်ဗျ။ ရှော့တိုက်ဒုံးတွေနဲ့ပစ်တာ။ ပစ်တာကတော့ ကျနော့အထင် ဝတ ၁ (ဝန်တင်) တပ်ကို ပစ်တယ်ထင်တာပဲ၊ ပေါက်ကွဲတဲ့နေရာက ခန့်မှန်းကိုက်သုံးရာကျော်လောက် ဝေးသေးတယ်။ ဘယ်အဖွဲ့ကပစ်တာလဲတော့ အသေချာမသိရသေးပါဘူး ခင်ဗျ” လို့ ဒေသခံတစ်ဦးပြောပါတယ်။
လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်း ညစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ရှိမှာတော့ လားရှိုးဆေးရုံကို ပို့ထားပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူကပြောပါတယ်။
လားရှိုးမြို့ အခြေစိုက်လူမှုကူညီရေး အသင်းတစ်ခုကလည်း ညက ပေါက်ကွဲသံတွေကြားပေမဲ့ အခြေအနေတိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။
“လူနေအိမ်တစ်ချို့တော့ပျက်စီးသွားတယ်ပြောပါတယ်။ ပြီးတော့ တက္ကသိုလ်လား၊စာသင်ကျောင်းလားတော့ မသိဘူး။ အဲ့မှာ လုပ်နေတဲ့ ညစောင့်တစ်ဦး ဒဏ်ရာရတယ်။ ကျန်လူနေအိမ်တွေပေါ်ကျပေမဲ့ ကံကောင်းပြီး လူမထိဘူးကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ မဲခေါင်သတင်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၀ ရက် ညနေပိုင်းမှာလည်း လားရှိုးမြို့နယ်၊ ပန်မွန်းကျေးရွာအနီးမှာ တအာင်းတပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြန်ဆုတ်သွားတယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
MK-007
#MeKongNews
#လားရှိုး
#လက်နက်ကြီး
