မဲခေါင်၊ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့နယ်မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အထူးဒေသ (၁)၊ မူပန်ခရိုင်-သိန္နီဒေသမှာ ဇန်နဝါရီလ ၁၃ ရက်ကနေ ၁၄ ရက်အထိ ကိုးကန့်တပ် MNDAA ရဲ့ တပ်မဟာ (၂၁၁) နဲ့ စစ်ကောင်စီ စကခ (၁)၊ တပ်ရင်း (၅၀၄) တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်သား ၃၀ ကျော်သေဆုံး ဒဏ်ရာရရှိခဲ့ပြီး MNDAA ဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ The Kokang က ဖော်ပြပါတယ်။
ဇန်နဝါရီလ ၁၄ ရက်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ လူနာတင်ယာဉ်တွေနဲ့ စစ်ယာဉ်တွေဟာ တိုက်ပွဲဖြစ်ပွားရာကို အကြိမ်ပေါင်းများစွာ အပြန်အလှန်သွားလာကာ စစ်သားတွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ယူသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီလ ၁၅ ရက်မှာတော့ စစ်ကောင်စီတပ်က အင်အား ထပ်မံ ဖြည့်တင်းလာတဲ့အတွက် မြေပြင် ကွင်းဆင်း စစ်ဆေးမှုတွေ မပြုလုပ်ရသေးဘူးလို့လည်း MNDAA သတင်းရင်းမြစ်တွေက ပြောပါတယ်။
MK-008