ရှမ်းပြည်နယ်က စိုက်ပျိုးတောင်သူတွေဟာ သီးနှံအထွက်နှုန်းနည်းတာ၊ စိုက်ပျိုးရေးသွင်းအားစု ဈေးအဆအတန်မြင့်တက်တာ၊ လောင်စာဆီဈေးကြောင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေပေမယ့် ထွက်ရှိတဲ့ သီးနှံတွေကြတော့ ဈေးကောင်းမရဘူးလို့ သိရပါတယ်။
“သီးနှံကိုဒေသကောက်ဈေးနဲ့ ရောင်းရတယ် ဒိုင်သွားပို့တော့ ထော်လာဂျီ ဌားခတွေ သယ်ယူစရိတ်တွေကြောင့် ဒိုင်ကပေးတဲ့ဈေးထက် လျော့ပြီးရတဲ့သဘောဖြစ်နေတာ ဥပမာပြောရရင် ဂေါ်ရခါးသီးတစ်လုံး ၂၀ နဲ့ကောက်တယ် ပို့ဆောင်ခတွေ ကားဌားခတွေနဲ့ ၁၆ ကျပ်လောက်ပဲ တောင်သူကရတာ ဒီကြားထဲ့ အဆင့်ဆင့်ကောက်ခံနေတဲ့ ဂိတ်ကြေးတွေကရှိသေးတယ်။ အဲ့တော့ အခြားမြို့နယ်တွေရောက်ရင် ရှမ်းကုန်က ဈေးရသလိုဖြစ်နေတာ တကယ်တောင်သူက အဲ့လောက်ဈေးမရဘူး” လို့ ရှမ်းပြည်နယ်က တောင်သူတစ်ဦးကပြောပါတယ်။
ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်းတွေ ကုန်အဝင်နည်းပြီး အရောင်းဝယ် ထက်ဝက်ခန့် ကျဆင်းနေတယ်လို့ သိရီမင်္ဂလာဈေးမှ စုံစမ်းသိရှိရပါတယ်။
“ပုံမှန်ဆို အခုလိုရာသီဆို အလှူပွဲတွေ၊ ပွဲလမ်းသဘင်တွေရှိတယ်။ အခုက ခေတ်ပျက်နေတော့ ဘယ်သူမှမလုပ်ကျတော့ အရောင်းအဝယ်ကလည်းကျသွားတယ်။ ကုန်အဝင်လည်း နည်းသွားတယ်။ တောင်သူရော၊ ကုန်သည်ရော၊ လက်ကားရောင်းတဲ့သူရော အကုန်အဆင်မပြေဖြစ်တာဘဲ။ သယ်ယူပို့ဆောင်စရိတ်တွေက ကြီးတာလည်း ပါတယ်” လို့ သီရိမင်္ဂလာဈေးမှာ ရှမ်းကုန်စိမ်းရောင်းသူတစ်ဦးက ပြောပါတယ်။
ကုန်ပစ္စည်းသယ်ယူစရိတ်မှာ NLD အစိုးရခေတ်တွင် တစ်ပိဿာလျှင် ကားခ ၈၀ မှ ၁၀၀ ဝန်းကျင်သာရှိပြီး လက်ရှိမှာတော့ တစ်ပိဿာလျှင် ၁၈၀ အထိပေးနေရပြီး အလုပ်သမားစရိတ်တွေ၊ ဆိုင်ခန်းငှားခတွေကြောင့် တွက်ချေမကိုက်ဘူးလို့ ၎င်းက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒေသတွင်း မတည်ငြိမ်တာ၊ လောင်စာဆီဈေးကြီးမြင့်တာ၊ ငွေကြေး မတည်မငြိမ်ဖြစ်တာနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးအဆမတန် တက်တာတွေကြောင့် တောင်သူတွေ အရှုံးပေါ်နေသလို လမ်းပမ်းဆက်သွယ်ရေးအတွက် စစ်ကောင်စီတပ်တွေရဲ့ဂိတ်ကြေးတွေ နေရာတော်တော်များများမှာ ကောက်ခံနေတာကြောင့် ကုန်သည်ပွဲစားတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေလည်း တွက်ခြေမကိုက်ဖြစ်နေတာပါ။
စားသုံးသူတွေအနေနဲ့လည်း မြန်မာငွေတန်ဖိုး ကျဆင်းတာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။