ရှမ်းပြည်တောင်ပိုင်းက ပန်းစိုက်ပျိုးရာ ကလော၊ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်းဒေသတွေက စိုက်ပျိုးထွက်ရှိတဲ့ ပန်းအမျိုးအစား ၃ မျိုးကို မလေးရှားနိုင်ငံသို့ စမ်းသပ်တင်ပို့ထားတယ်လို့ သိရပါတယ်။
ယခု နိုဝင်ဘာလအတွင်းက လေကြောင်းလိုင်းနဲ့ စမ်းသပ်တင်ပို့ထားတာဖြစ်ပြီး ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်တင်ပို့ခြင်းဖြစ်ကာ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်အတွင်းရောက်ရှိချိန် ပန်းအရည်အသွေး ကောင်းမွန်မှု ရှိ၊ မရှိပေါ် မူတည်ပြီး ရေရှည်တင်ပို့မယ်လို့ အောင်ပန်းမြို့ရှိ ပန်းပွဲရုံမှ သိရပါတယ်။
“ အဲဒီလို ပန်း ၃ မျိုး စမ်းသပ်တင်ပို့မှု အောင်မြင်ရင် ပန်းစိုက်ပျိုးတောင်သူတွေ ဝင်ငွေအခွင့်အလမ်းများ ရနိုင်ပါတယ်။ အခု အဲဒေသတွေမှာ နှင်းဆီ၊ ဂန္ဓမာ၊ သပြေနဲ့ လီလီပန်းတို့ကို ဧက ၈၀၀ မှ ၁၀၀၀ ခန့် စိုက်ပျိုးမှုရှိတယ်” လို့ ပန်းအသင်းတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ မလေးရှားဈေးကွက်ရရှိဖို့အတွက် ဒေသထွက် ရေမွှေးနှင်းဆီ အပွင့် ၆၀၀ ပါ တစ်ဖာ၊ ဂန္ဓမာပန်း ကြွေဖြူနဲ့ ရွှေဝါဝင်း အပွင့် ၅၀၀ စီပါ နှစ်ဖာတို့ကို လေကြောင်းလိုင်းနဲ့ တင်ပို့ထားပါတယ်။
ပြည်တွင်းဈေးကွက်မှာတော့ နှင်းဆီ ၁၀ ပွင့်ကို ကျပ် ၂၀၀၀ မှ ၂၃၀၀၊ ဂန္ဓမာပန်း အရောင်အမျိုးအစားပေါ် မူတည်ပြီး ၁၀ ပွင့်ကို ကျပ် ၂၀၀၀ မှ ၂၂၀၀ အထိ ဈေးရရှိတယ်လို့ သိရပါတယ်။