ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့မှာ စက်တင်ဘာ ၂၃ ရက်က လိုင်စင်မဲ့ကားကို ဖမ်းဆီးကာ ကျပ်သိန်း ၃၀ ငွေညှစ်ခဲ့တဲ့ ရွှေညောင်ရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်သူ ကို စစ်ကောင်စီက အရေးမယူဘဲ လာဘ်ငွေယူကာ ပုံမှန် တာဝန်ထမ်းဆောင်ခိုင်းထားတယ်လို့ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။
လက်ရှိ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်သူနဲ့ အဖွဲ့ဟာ ရွှေညောင်မြို့မှာ ဒေသခံပြည်သူတွေကို သူခိုးလို့စွပ်စွဲပြီးတော့ ဖမ်းဆီးရိုက်နှက် ငွေညှစ်နေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“အခုလည်း ပြည်သူတွေကို သူခိုးဆိုပြီးတော့ ဖမ်းဆီးရိုက်နှက်တယ်။ စခန်းကို ခေါ်သွားတယ်။ ငွေပေးနိုင်တဲ့သူဆိုရင် ပြန်လွှတ်ပေးတယ်။ သူတို့ အထက်ကသူတွေကလည်း ငွေပေးနေတော့ ဘာမှမပြောဘဲ ဒီတိုင်း လွှတ်ထားတယ်” လို့ ၎င်းက ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်းကလည်း ဒေသခံတွေကို ဆိုင်ကယ်သူခိုးလို့ စွပ်စွဲရိုက်နှက်ရာ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး အရိုက်ခံရသူတွေထံက ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လိုင်စင်မဲ့ကား အသုံးပြုတဲ့ ပြည်သူတွေနဲ့ ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီး ငွေညှစ်နေတဲ့ ရဲအုပ်ဇော်သူဟာ ၎င်းကိုယ်တိုင် လိုင်စင်မဲ့ကား စီးပြီးတော့ ရွှေညောင်မြို့မှာ လှည့်လည် ငွေညှစ်နေတာလို့ သိရပါတယ်။
“အခုလို လူမျိုးကို သူတို့ သက်ဆိုင်တဲ့သူတွေက လွှတ်ပေးထားတယ်။ အရေးယူသင့်တယ်လို့ ထင်တယ်။ သူကလည်း အထက်လူကြီးတွေ အတွက်ပါ ငွေရှာပေးရတာလို့ ကြားတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတွေက ပြည်သူတွေပေါ်ကို အကြောင်းအမျိုးမျိုးပြပြီး ဖိနှိပ် ငွေတောင်းယူမှုတွေ ပြုလုပ်နေပါတယ်။