မဲခေါင်၊ ဧပြီ ၂၉
တာချီလိတ်မြို့မှာ ခိုးမှု၊ လုယက်မှုတွေ များပြားလာတဲ့ပြယုဂ်အနေနဲ့ ရဲလိုင်းခန်းမှာ တပ်ဆင်ထားတဲ့ ရဲတစ်ဦးပိုင်ရေမော်တာပါ ခိုးယူခံလိုက်ရတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တင်တဲ့ မူလတန်းပြဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၅၀၅-က နဲ့ အမှုဖွင့်လိုက်ပါတယ်။
“ ရဲလိုင်းခန်းက ရဲ ရေမော်တာကိုတောင် ခိုးသွားတယ် ဆိုတော့..” ဆိုတဲ့ ပိုစ့်တင်တဲ့ ဆန်ဆိုင်း အထကကျောင်းက မူလတန်းပြဆရာမ နန်းတယ်မီစိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၆ရက်မှာ သူနေထိုင်တဲ့ ပါလျံဝန်ထမ်းအိမ်ရာမှာ လာရောက်ဖမ်းဆီးသွားတာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ဖမ်းဆီးခံရပြီး ၂ရက်အကြာဖြစ်တဲ့ ဧပြီလ ၂၈ရက်မှာ ၅၀၅-ကနဲ့ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
ရဲလိုင်းခန်းက ရဲရေမော်တာ အခိုးခံကြောင်း တင်တဲ့ ပို့စ်အပါအဝင် အရင်က NUG ကိုထောက်ခံကြောင်း ပုံနဲ့စာသား တင်တာရယ်၊ လက်သုံးချောင်းထောင်တဲ့ ဓာတ်ပုံရိုက်ထားတာတွေ့တာရယ်တွေကြောင့် နိုင်ငံတော်နဲ့ ရဲတပ်ဖွဲ့ကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး ၅၀၅-ကနဲ့ အမှုဖွင့်လိုက်တာလို့ သူက ဆက်ပြောပါတယ်။
တာချီလိတ်မြို့မှာ ခိုး၊ ဆိုး၊ လုယက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ နေ့စဉ်နဲ့အမျှ မြင့်တက်နေပေမယ့် ဒီအမှုတွေကို အာဏာသိမ်းစစ်တပ်က ကိုင်တွယ်နိုင်ခြင်းမရှိဘဲ စစ်အာဏာရှင်ဆန့်ကျင်သူတွေကိုသာ ပြစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK – 004
#MeKongNews