မဲခေါင်၊ဇန်နဝါရီ ၁၆
ရေဦးမြို့နယ်ထဲက နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ဘုရားကျောင်းတက်တဲ့နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၄ရက် ညကတည်းက စစ်တပ်က မီးတင်ရှို့ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ ဘုရားကျောင်းမှာ ညအိပ်ကာ နောက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ခရစ်ယာန်ဘုရားကျောင်းကိုပါ မီးတင်ရှို့ခဲ့တာပါ။
၁၈၉၄က တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၂၉ နှစ် နီးပါးရှိ သမိုင်းဝင် “ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မဘုရားကျောင်း” ခရစ်ယာန် ကက်သလစ်သာသနာ ဗိမာန်တော် ဘုရားရှိခိုးကျောင်းတော်ကြီးနဲ့ ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါအဝင် ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံပြန်လည်တည်ဆောက်ထားတဲ့ Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ People’s Defense Comrade အဖွဲ့က မနေ့ညက အသိပေးထားပါတယ်။
“ ဒီနေ့ဒီလိုအချိန် မွန်မြတ်သော တနင်္ဂနွေနေ့မှာ ဘုရားကျောင်းကြီးက သာယာနာပျော်ဖွယ် ခေါင်းလောင်းသံတွေကြားရမယ့်အချိန် ဘုရားရှိခိုးကျောင်းကို အတူတူတက်ကြရမယ့်အချိန် နေ့မျိုးမှာ ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ ရင်ဘတ်ထဲကို မီးလောင်တိုက်သွင်းခံခဲ့ရပါတယ်” လို့ People’s Defense Comrade အဖွဲ့က အသိပေးထားပါတယ်။
ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ပြီး ဘုရားကျောင်းက ခေါင်းလောင်းစင်ပါ ပြိုကျပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ချမ်းသာရွာကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ မေလ၊ ဇွန်လနဲ့ ဒီဇင်ဘာအတွင်းကလည်း သုံးကြိမ်တိုင် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အခုအကြိမ်ဟာ ၄ကြိမ် မြောက်ဖျက်ဆီးခံရတာဖြစ်ကာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ People’s Defense Comrade အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၄ရက်မှာ မော်လိုက်အခြေစိုက် ခမရ(၃၆၄) တပ်နဲ့ မှော်ဘီ ထူးကြီးအခြေစိုက် ခလရ(၇၀၁)တပ်တို့ စစ်ကြောင်း၂ခုပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၅လုံး မီးလောင်ပြာကျခဲ့သလို အခုအကြိမ်ဟာ ၄ကြိမ်မြောက်ဖြစ်ကာ ရွာလုံးကျွတ်ပြာကျခဲ့တာလို့ သိရပါတယ်။
ဒီလိုမီးရှို့ခံရလို့ ရွာလုံးကျွတ်ပြာကျခဲ့ပေမယ့် ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်ဓာတ်တွေပြာမကျဘူးလို့ People’s Defense Comrade အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့အသက်လောက်မက အမြတ်တနိုးတန်ဖိုးထားရတဲ့ သမိုင်းဝင်ရာကျော် ဘုရားရှိခိုးကျောင်းကြီးကို မီးလောင်ဆုံးရှုံးလိုက်ရလို့ ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ရင်ဘတ်ထဲမှာ ဝမ်းနည်းပူလောင်နေရတာကလွဲရင် ကျွန်တော်တို့စိတ်ဓာတ်တွေ ပြာမကျခဲ့ကြပါဘူး” လို့ သူကပြောပါတယ်။
ချမ်းသာကျေးရွာကို မန္တလေးကက်သလစ်သနာရောက်ရှိလာခဲ့တာဟာ နှစ်ပေါင်း ၄၀၀ကျော် ၅၀၀ နီးပါးရှိခဲ့ပြီဖြစ်ကာ ပေါ်တူဂီနွယ်ဘွားတွေပေါက်ဖွားရာ ရှေးဟောင်းသမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်အများစုရှိသော်လည်း ဗုဒ္ဓဘာသာဝင်ရပ်ကွက် နှစ်ခုနဲ့ အတူယှဥ်တွဲနေထိုင်ခဲ့ကာ အိမ်ခြေပေါင်း ၈၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။
ပုံစာ- မီးရှို့ဖျက်ဆီးခံရတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဘုန်းတော်ကြီးကျောင်းအဆောက်အအုံတွေကို တွေ့ရစဉ်
ဓာတ်ပုံ-People’s Defense Comrade
MK-003
#MeKongNews