မဲခေါင်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက် ပေ ၅၀ လမ်းမပေါ်မှာ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက လူငယ်တချို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လာရောက်ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်က ရောက်လာပြီး စျေးသည်တွေနဲ့ ရပ်ကွက်နေ လူငယ်တချို့ကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။
ဆန္ဒပြပွဲ ဖြစ်ပွားခဲ့တဲ့ လှည်းတန်း ပေ ၅၀ လမ်းမ လှည်းတန်း ၅ လမ်းနဲ့ ၆ လမ်းကြား မှာ ဖွင့်လှစ်နေတဲ့ စျေးသည် ၁၀ထက် မနည်းဖမ်းဆီးသွားခဲ့ပြီး ရပ်ကွက်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်နေသူ လူငယ် ၄ ဦး ကိုလည်း စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။
“ နေ့လည် ၁၁ နာရီ လောက်တစ်ခေါက်ဝင်လာတယ်။ စျေးသည်တွေနဲ့ လမ်းသွားလမ်းလာယောင်္ကျားလေးတွေကို စစ်တာတွေရှိတယ်။ အဲ့တုန်းကတော့ ဖမ်းတာတွေမရှိသေးဘူး။ နေ့လည် ၁ နာရီကျော် နောက်တစ်ခေါက်မှာ ထပ်ရောက်လာပြီးမှ စျေးသည်တွေကိုဖမ်းသွားတာ။ ဆယ်ယောက်ကျော် လောက်ဖမ်းခံရတယ်။ ရပ်ကွက်ထဲက နယူးကိုးသိန်းလက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ် ၄ ဦးကိုကြတော့ ဘာမှမစစ်ဘူး။ တစ်ခါထဲစစ်ကားပေါ်ခေါ်တင်ပြီးဖမ်းသွားတာ။ဘာမှစစ်ဆေးတာတွေမလုပ်ဘူး” လို့သူကပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့သူတွေအတွက် စိတ်မကောင်းကြောင်း သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ U.Z.I Supplies & Revolution Warriors Force အထူးတောင်းပန်ခြင်းနဲ့ ဝမ်းနည်းကြောင်းကိုသတင်းထုတ်ပြန် ကြေငြာခဲ့ပါတယ်။
စစ်ကောင်စီတပ် တွေဟာ ည၁၀ နာရီကျော် အချိန်က ပတ္တမြားလမ်း လှည်းတန်း ဘူတာအနီး လူတချို့ကို စစ်ဆေးမေးမြန်းခဲ့သလို အိမ်ခြေမဲ့ လင်မယားနှစ်ဦးရဲ့ ပစ္စည်းတွေကိုလည်း တံတားပေါ်က ပစ်ချပြီးနောက် နေအိမ်တချို့ကိုဓာတ်မီးတွေနဲ့ ထိုးကြည့်ပြီး အဲ့ဒီလမ်းထဲကနေ ထွက်သွားကြတယ်လို့ ဒေသခံတွေကမဲခေါင်သတင်းဌာန ကိုပြောပါတယ်။
MK-005
#MekongNews