မဲခေါင်၊ ဖေဖော်ဝါရီ ၂၄
ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ အစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
မြောက်ဒဂုံမြို့နယ် ဘေလီတံတား အဆင်း၊ အင်းစိန်ဂုံးတံတားအောက်၊ စမ်းချောင်း ကိုထပ်ကြီးဘုရားနဲ့ ဗားကရာ လမ်းမပေါ်၊ သာကေတ ကမာကြည်တံတားထိပ် နှစ်ဖက်၊ မြကျွန်းသာ ကန်ဘောင်ပေါ်၊ ပုဇွန်တောင်မြို့နယ် ချမ်းသာ ပလာဇာ၊ သာကေတ ယမုံနာလမ်း ရေတပ်စခန်းအနီး၊ လှည်းတန်း အင်းစိန်လမ်းမ ကာဗာနန်းတော် ဖုန်းဆိုင်ရှေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားနဲ့ လူငယ်တွေကို ဖိနပ်ပါချွတ်ခိုင်းပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ တောင်ဥက္ကလာ ဝေဇယန္တာလမ်းနဲ့ ပြည်သာယာလမ်းမှာလည်း စစ်နေတယ်။ စမ်းချောင်း၊ အလုံ၊ ဗဟန်း၊ တာမွေနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ စစ်ဆေးတာတွေ ကြမ်းတယ်။ လမ်းသွားလမ်းလာ လူငယ်တွေကိုတောင် အကုန်ရှာပြီး စစ်နေတာ။ ပင်လုံ တံတား အဆင်းနဲ့ ငမိုးရိပ်တံတား မီးပွိုင့်ကြားမှာ အဖွဲ့စုံနဲ့ အသေရှာနေကြတယ်။ လူငယ်တွေ သတိထားပြီး သွားကြပါ။ အပြင်ထွက်မယ်ဆို ဖုန်းတွေ သေချာစစ်ဆေးပြီးမှ ထွက်ကြပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သေနတ် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ လှည့်ကင်း ပတ်ကင်းများတွင် အင်အားအပြည့်နဲ့ စစ်ဆေးမှုတွေ လုပ်နေသလို မြို့နယ်အချို့မှာ ဒရုန်းတွေ ပျံသန်းနေပြီး စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကနဲ့ ဒီကနေ့ မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု၊ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စာရင်းကိုတော့ အတိအကျ မသိရှိသေးသလို သတင်းထုတ်ပြန်တာတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – မနေ့ကဗုံးထုခံရတဲ့ မြောက်ဥက္ကလာပ (င)ရပ်ကွက်ရုံးကိုယနေ့မြင်တွေ့ရစဥ်
MK-005
#Mekongnews
#ရန်ကုန် #ဒရုန်း