မဲခေါင်၊ မတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ဒေသခံကာကွယ်ရေးတပ်တွေဖြစ်တဲ့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)နဲ့ ပုရွက်ဆိတ်နီပြောက်ကျားတပ်ဖွဲ့(RAGF)က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပျူစောထီးခေါင်းဆောင် ၂ဦးနဲ့ ဒလန်တစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ ဒီနေ့၊ မတ်လ ၅ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
JPGF နဲ့ RAGF မဟာမိတ်အဖွဲ့အနေနဲ့ ပြည်သူတွေအပေါ်အကြမ်းဖက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို မြို့ပြမုဆိုး စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ်စစ်ဆေးရေးတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွာငံမြို့နယ်နဲ့ သာစည်မြို့နယ်အစပ် စဉ့်ကူးကျေးရွာက စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်သူ ဦးကုလား ကို ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၂၂ရက်က ရှင်းလင်းခဲ့ပြီး ရွာငံမြို့နယ်၊မင်းပလောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဦးကျော်သိန်း နဲ့ ဦးခင်မောင်သိန်းတို့ကို လည်း ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးကျော်သိန်းနဲ့ ဦးခင်မောင်သိန်းတို့ကို PDF တွေက စစ်ကောင်စီယူနီဖောင်းဝတ်ပြီး လှည့်စားခေါ်ဆောင်လာချိန်မှာ ရွာပြင်ရောက်ချိန် PDF မှန်းသိသွားလို့ ပြန်လည်တိုက်ခိုက်ရာကနေ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဆီက သေနတ် ၁ လက်၊လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ကျေးရွာအတွင်းက ပျူစောထီး စာရင်းရေးမှတ်ထားတဲ့ စာအုပ်ကိုပါ ရခဲ့တယ်လို့ JPGF ကပြောပါတယ်။
ဒါ့အပြင် ဟဲဟိုးမြို့နယ်၊ ဝါးရုံပင်ကျေးရွာက စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်သူ မအေးသွယ်ကို သူရဲ့နေအိမ်မှာ မေလ ၂၄ ရက်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဒီပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေရုံရောက်ပြီး ၁၄ ရက်အကြာမှာ သေသွားတယ်လို့ ဖော်ပြထားပါတယ်။
MK-007