မဲခေါင်၊ စက်တင်ဘာ ၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့၊ မနက် အစောပိုင်းက မိုးသည်းထန်ပြီး ရေလျှံလာတဲ့ကြားက တစ်ခါသုံးကတ်ရဖို့ လူထောင်ချီ တန်းစီနေပြီး လူများလွန်းတာကြောင့် နန်းတော်ဂိတ်မှာ ဒီကနေ့ကစပြီး တစ်ရက် လူ ၂၀၀ သာ တိုကင် ပုံစံ ပေးထားတယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။
“ ဒီမနက်က မိုးက မူဆယ်ပဲ မဟုတ်ဘူး၊ ကျယ်ဂေါင်နဲ့ ရွှေလီပါ ရေတွေပြည့်ကုန်တယ်” လို့ ဆိုင်ကယ်နဲ့ ပစ္စည်း ကယ်ရီ သယ်ဆောင်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။
တရုတ်ဘက် ၆ ညအိပ် ၇ ရက် လည်ပတ်ခွင့် တစ်ခါသုံးကတ်ရဖို့ ဆင်ဖြူဂိတ်ဘက်မှာ လူထောင်ချီ တန်းစီနေစဥ် ဒီမနက် မိုးကြီးကာ ရေလျှံလာတာကြောင့် လူအများစုက ပါလာတဲ့ အထုပ်အပိုးတွေ ရေစိုကုန်ပေမယ့် မိုးရေကြားက ခက်ခက်ခဲခဲ စောင့်ဆိုင်းနေကြတယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။
“ မိုးရွာရင်လည်း နေရာပျောက်မှာစိုးလို့ ဒီလိုပဲ ရပ်စောင့်ရတယ်” လို့ တန်းစီနေတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မိုးသည်းလာတဲ့ အပြင် ရေလျှံလာတာကြောင့် အအေးဒဏ် မခံနိုင်တော့လို့ တန်းစီထားတဲ့ နေရာ နှမြောပေမယ့် အပြင် ပြန်ထွက်လာရတယ်လို့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဆင်ဖြူဂိတ်ဘက်မှာတော့ ဒီနေ့ တခါသုံးကတ်ရဖို့ လူထောင်ချီ တန်းစီနေတာ တွေ့ရပြီး နန်းတော် ဂိတ်မှာတော့ လူများလွန်းတာကြောင့် ဒီနေ့ကစပြီး တိုကင် ပုံစံ တစ်ရက် လူဦးရေ ၂၀၀ သတ်မှတ် လိုက်တယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။
“ မနေ့က သူတို့ တိုကင်လိုမျိုး လာပေးသွားတယ်။ နောက်ထပ် တိုကင်က ၁၂ ရက်နေ့မှ ပေးတော့မှာတဲ့” လို့ တန်းစီနေတဲ့ အမျိုးသမီးငယ် တစ်ဦးက ပြောပါတယ်။
လက်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေကနေ တရုတ်ဘက် ဝင်ခွင့် တစ်ခါသုံးကတ် ထုတ်ပေးနေပြီး မန့်ဝိန်းဂိတ်မှာတော့ ၆ ဘီး ကုန်တင်ကားသမားတွေကိုသာ ထုတ်ပေးကာ နန်းတော်ဂိတ်မှာတော့ တစ်ရက် လူဦးရေ ၂၀၀ သတ်မှတ် ထုတ်ပေးနေကာ ဆင်ဖြူဂိတ်မှာတော့ ကန်သတ်ချက် မထားဘဲ ထုတ်ပေးနေတာဖြစ်ပြီး တစ်ရက် လူ ၆၀၀ ဝန်းကျင် ထုတ်ပေးနေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၃ နှစ်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် ဖြတ်သန်းခွင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည် ခွင့်ပြုခဲ့တာဖြစ်ပြီး တရုတ်ဘက် သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေ များပြားလွန်းတာကြောင့် အခုလို နယ်စပ်ဖြတ်ကျော် ၀င်ရောက်ခွင့် တစ်ခါသုံးကတ် တန်းစီသူတွေ များပြားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
CJ-008
Video: CJ 008
#MeKongNews
#မူဆယ်
#တစ်ခါသုံးကတ်
#ဆင်ဖြူဂိတ်