မဲခေါင်၊ ဩဂုတ် ၂၉
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA တို့ ဒီကနေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့နယ်၊ ခိုမုန်းရွာ အနီး မနေ့ ဩဂုတ် ၂၈ ရက် နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ TNLA တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လွယ်တေးမိန်း ဘုရားကုန်းဘက် လက်နက်ကြီး ပစ်လို့ ကျောင်းဝင်းထဲ ပေါက်ကွဲ မီးလောင်သွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
“ ခုလည်း ပစ်နေတယ်။ အသံကြားရလား။ အိမ်နဲ့တော့ အိမ်တောင်တုန်တယ်” လို့ ဒီကနေ့ တိုက်ပွဲ အခြေအနေကို နမ့်ဖတ်ကာ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်က ခိုမုန်းဘက်နဲ့ မူဆယ် – နမ့်ခမ်း ကြားက ဇယ်လန့်ရွာ ဘက်ကို လက်နက်ကြီးတွေ တနေကုန် ပစ်နေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်က TNLA သိမ်းထားတဲ့ ဇယ်လန့် အနီးက ဘုရားကုန်းကို ပြန်ရဖို့ စစ်ကြောင်းထိုးကာ စေတီကုန်းဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာလို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ လူတွေတော့ ဘာမှ မဖြစ်ဘူး။ နီးတဲ့လူတွေ တချို့တော့ ရှောင်ရတာပေါ့။ ဘုရားကုန်းမှာတော့ လက်နက်ကြီး ကျလို့ မီးလောင်နေတာ အဝေးက မြင်နေရတယ်” လို့ ဇယ်လန့် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
TNLA တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ နမ့်အွန်၊ ခိုမုန်းရွာ အနီး စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၂၁)၊ (၄၂၃)၊ (၅၇၇) စစ်ကြောင်း နဲ့ ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁-၂-၃) ပြည်သူ့စစ်တို့ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီခန့်ကနေ ညနေ ၅ နာရီခွန်ခန့် အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။
Photo-TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက။
CJ-008
#MeKongNews
#TNLA
#မူဆယ်မြို့နယ်
#လက်နက်ကြီး