မဲခေါင်၊ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် လက်ဖက်ရည်ဆိုင် အနီးမှာ ဒီကနေ့ မနက်ပိုင်းက လင်မယား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၈ နာရီကျော် ဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပြီး အမျိုးသားက စစ်တပ် အရာရှိဟောင်း ဖြစ်ကာ အမျိုးသမီးမှာ လ.ဝ.က ဝန်ထမ်း ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
“ လ.ဝ.က ရုံးနားက လက်ဖက်ရည်ဆိုင်နားမှာ ပစ်သွားတာ။ သေဆုံးသွားတဲ့ အမျိုးသမီးက လ.ဝ.က မှာ အရာရှိလို့ ပြောကြတယ်။ ယောက်ကျားကလည်း စစ်တပ်က အရာရှိ ဆိုပေမယ့် အနားယူထားတဲ့သူလို့ ကြားတယ်။ လမ်းတွေ ပိတ်ပြီးတော့ စစ်ဆေးနေတာတွေ ရှိတယ်။ ပစ်ခံရတော့ ချက်ချင်း မသေသေးဘူး။ သူတို့ကို ကားနဲ့ သယ်သွားပြီးမှ သေတယ်ကြားတာ” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ပြီး CCTV တွေကို လိုက်လံ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူကပြောပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် လုပ်ဆောင်ခဲ့လဲ ဆိုတာကိုတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
MK-005
ဓာတ်ပုံ – ပုံဟောင်း ဖြစ်ပါတယ်။