မဲခေါင်၊ ဇန်နဝါရီ ၂၄
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီကျေးရွာနဲ့ စစ်ရှောင်ကူညီရေးအဖွဲ့ နေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က မနေ့က မနက်ပိုင်းက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရာ လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက် မနက် ၁၁ နာရီခန့်မှာ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) အတွင်းရှိ ပလိပ်ထွီကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သိမ် တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး လေယာဉ်ဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အသိပေးထားပါတယ်။
ဗုံးကြဲခံခဲ့ရတဲ့ ရွာဘုန်းကြီးကျောင်းဟာ မြို့နယ် စစ်ဘေးရှောင်-IDP တွေကို ကူညီသူ အရပ်သား Volunteer တွေ နေထိုင်တဲ့နေရာဖြစ်တယ်လို့ မင်းတပ်-ပအဖ က ထုတ်ပြန်ထားပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်မှုဟာ ဘာသာရေး အဆောက်အဦကို တိုက်ခိုက်ရုံမျှမက စစ်ဘေးရှောင်တွေ ကိုပါ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နေ့လည် ၁၂ နာရီခန့်မှာလည်း မင်းတပ်မြို့ပေါ် အထိုင်ချထားတဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ တိုက်နယ်(၂)ရှိ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ မင်းတပ်မြို့နယ် စွန်တောင်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အခုလအတွင်း မင်းတပ်နယ်ရှိ ကျေးရွာတွေ၊ မင်းတပ် ချင်းကာကွယ်ရေးတပ်-CDF တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင် ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို မင်းတပ် CDF က မနေ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – မင်းတပ်- ပအဖ။
MK-003



