ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ် သီးဘွာလ်စခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-CNDF လက်ဖြောင့်တပ်သားတွေက စနိုက်ဘာနဲ့ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စနိုက်ဘာနဲ့ ပစ်ခတ်မှုကို မနေ့က နေ့လယ် ၁၁ နာရီခွဲက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ကျည် ၂၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စခန်းကို CNDF နဲ့ ပူးပေါင်းတပ်တွေက အခုလ ၁၅ ရက်က စတင်ကာ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က သီးဘွာလ်တပ်စခန်း အတွက် မနေ့ မနက်ပိုင်းမှာ စားနပ်ရိက္ခာနဲ့ စစ်ကူတွေကို တိုက်ပွဲသုံး ရဟတ်ယာဉ် ၂ စင်းနဲ့ လာရောက် ပေးပို့ခဲ့ကြပြီး MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လာရောက် ပစ်ခတ်မှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။