မဲခေါင်၊ မေ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လန်းကောကျေးရွာကို စစ်ကောင်စီတပ်က ဒီမနက် (မေ ၆)မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မနက်စောစော ၄ နာရီခန့်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာဖြစ်ပြီး ဘာသာရေးအဆောက်အဦးတွေပါ ပျက်စီးခဲ့တယ်လို့လည်း ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိ၊ မရှိကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။
“လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ်တစ်ချို့လည်း ပျက်စီးသွားပါတယ်။ သူတို့ရွာကို ဗုံးလာကြဲတာက လူထုကို သက်သက် ဒုက္ခရောက်စေချင်တာပဲဖြစ်မှာပေါ့။ သူတို့စစ်တိုက်ရင် စစ်သားချင်းချင်းတိုက်ပေ့ါ” လို့ သူကပြောပါတယ်။
အဲ့ဒီလာဗုံးလာကြဲတဲ့ တိုက်လေယာဉ်တွေဟာ နေပြည်တော်လေဆိပ်ကနေ မနက်စောစောမှာ တက်လာပြီး ဗုံးလာကြဲတာဖြစ်တယ်လို့လည်း ဖယ်ခုံ ဒေသခံတွေကပြောပါတယ်။
“နေပြည်တော်ကနေ တိုက်လေယာဉ် ၄ စီးတက်လာတယ်လို့ သတင်းရတယ်။ မကြာဘူး လန်းကောရွာကို ဗုံးကြဲသွားတာပဲဗျ။ လန်းကောရွာက နှစ်ခြမ်းရှိတယ် အရှေ့ရွာရယ် အနောက်ရွာရယ်ပေါ့။ အနောက်ရွာက ခရစ်ယာန်ဘုရားကျောင်းပါ ပျက်စီးသွားတယ်လို့ သိရတယ်” လို့ ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်တာ ခံခဲ့ရတဲ့ လန်းကောကျေးရွာဟာ နေပြည်တော်လေဆိပ်နဲ့ မျဉ်းဖြောင့်အတိုင်း တိုင်တာမယ်ဆိုရင် မိုင် ၃၀ သာကွာဝေးပါတယ်။
စစ်ရှောင်စခန်းတွေ ဘာသာရေးအဆောက်အဦးတွေစတဲ့ အရပ်သားပြည်သူနေရာတွေကို တိုက်ခိုက်နေတာဟာ စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂ UKSY တွဲဘက်အတွင်းရေးမှူး ၁ မူမာရီယာကပြောပါတယ်။
“မြေပြင်မှာ သူတို့စစ်ရေးအားမကောင်းတဲ့အချိန်မှာ ဝေဟင်ကို သုံးပြီးတော့ ၊ လက်နက်ကြီးကိုသုံးပြီးတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာပိုများလာတယ်လို့ ကျွန်မတို့ မြင်တယ်” လို့ မူမာရီယာက ပြောပါတယ်။
စစ်ကောင်စီတွေက ကျေးရွာတွေအတွင်း တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေပစ်၊ လေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဗုံးခိုကျင်းတွေ တူးထားနေရတယ်လို့ UKSY အဖွဲ့က ပြောပါတယ်။
CJ – 002
#MeKongNews
#လန်းကောရွာ
#စစ်ကောင်စီဗုံးကြဲ
