အကျဉ်းထောင်တွေကနေ ပြန်လွတ်လာတဲ့ ရှမ်းပြည်နယ်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို စစ်ကောင်စီ လက်အောက်ခံတွေက စောင့်ကြည့်နေတာတွေ ကြုံတွေ့နေရတယ်လို့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုတင်ဘာလ ၁၇ ရက်မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းမှာရှိတဲ့ ထောင်တွေကနေ အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီနေ့မှာ ရှမ်းပြည်နယ်ရှိ တောင်လေးလုံး၊ ကျိုင်းတုံ၊ လားရှိုး စတဲ့အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသား/သူ အနည်းငယ် ပြန်လည်လွတ်မြောက်လာ ပေမယ့် စောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။
“ အသွားအလာတွေကို စောင့်ကြည့်တာတွေရှိတယ်။ မီဒီယာတွေကို အင်တာဗျူး မဖြေဖို့လည်း ပြောထားတယ်လို့ ပြောတယ်။ အချိန်မရွေး ပြန်ဖမ်းလို့ ရတယ်ဆိုတဲ့ သဘောပေါ့” လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်ရှိ တောင်လေးလုံး ထောင်က ၅၇ ဦး၊ ကျိုင်းတုံ အကျဉ်းထောင်က ၄ ၃ဦး၊ သီပေါ အကျဉ်းထောင်က ၁၆ ဦး၊ လားရှိုး အကျဉ်းထောင်က ၈ ဝဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြန်လွတ်လာသူတွေ အနက် နိုင်ငံရေး အကျဉ်းသား/သူ အနည်းသာ ပါဝင်သလို ထောင်တွင်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို မီဒီယာတွေထံ မဖြေကြားဖို့ ဖိအားပေးထားတာကြောင့် လက်ရှိအချိန် တွေ့ဆုံ ဆက်သွယ်လို့ မလွယ်ကူသေးဘူးလို့ သိရပါတယ်။