မဲခေါင်၊ ဧပြီ ၆
ပင်လောင်းနှင့်ဖယ်ခုံနယ်စပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ပြည်သူတွေနေတဲ့ ရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်ထိခိုက်မှုတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ ဖယ်ခုံ၊ ပင်လောင်းဘက်မှာ ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့ ၂ရက်ဆက်တိုက် စစ်ကောင်စီတပ်တွေဟာ မြေပြင်တိုက်ပွဲမှာ အရေးမသာလို့ လေယာဉ်နဲ့ ဗုံးလာကြဲတာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေရဲ့ နေအိမ်ကိုပါ ဗုံးကြဲတယ်လို့ PNDF-KK ပြန်ကြားရေးတာဝန်ရှိသူက ဧပြီလ ၅ရက် ညပိုင်းမှာ မဲခေါင်ကိုပြောပါတယ်။
“၄ ရက်နေ့ည လူအိပ်ချိန် ည ၉ နာရီခွဲ အချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတာ ရွာထဲကျလို့ နေအိမ်ထိသွားတယ်။ နေ့ဘက်ကျ လက်နက်ကြီးနဲ့ ပစ်တာ ၂၀ ကြိမ်ထက်မနည်းရှိတယ်။ ၅ ရက်နေ့ တိုက်ပွဲမှာတော့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ် ၂စီး နဲ့ ဗုံးထပ်လာကြဲတယ်။ တိုက်ပွဲက ကြမ်းတယ်။ ပြင်းထန်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဆက်လက်ပြီးတော့ ခုခံတိုက်ခိုက်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်မှာ စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ၅ကြိမ်ထက်မနည်း ဗုံးလာကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ပါ ဆက်လက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧပြီ ၅ ရက်ညဘက်မှာလည်း စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့ဘက်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနအနေနဲ့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၆ ကြောင်းခွဲပြီး ကရင်နီပြည်ထဲကို ထိုးစစ်ဆင်ရန် ကြိုးစားနေရာ ပင်လောင်း-ဖယ်ခုံ ဘက်လည်း စစ်ကြောင်းတစ်ကြောင်းအနေနဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
CJ – 002
#MeKongNews