မဲခေါင်၊ ဇန်နဝါရီ ၁၄
ထားဝယ်-ထီးခီး လမ်းပိုင်းရှိ ပကာရီကျေးရွာ လမ်းမှာ ခရီးသွားနေတဲ့ အမျိုးသား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ တစ်ဦး ကျည်ထိမှန်ပြီး ဖမ်းဆီးခံရတယ်လို့ Dawei Information Center က ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၉ နာရီခွဲကျော်မှာ ကိုပြည့်စုံ (ခ)ကိုတေ ဆိုသူဟာ လူငယ် တစ်ဦးနဲ့ ခရီးသွားနေစဉ် စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာမှာ သူ့ကို ကျည်ထိမှန် ဖမ်းဆီးခံရတာလို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
“ မနက်ကတည်းက စစ်သား ၄ ဦးလောက် လမ်းဆုံ အနီးမှာ ခြေရှုပ်နေပါတယ်။ အဲလူတွေ ဆိုင်ကယ်နဲ့ လာတာမြင်ပြီး သေနတ်နဲ့ ထွက်ပစ်တယ်။ သေနတ်အသံ ၁၀ ချက်နီးပါး အထိ ဆက်တိုက် ကြားရပါတယ်” လို့ ဒေသခံက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူ ကိုပြည့်စုံ (ခ)ကိုတေ ဝမ်းဗိုက်နဲ့ ခြေထောက်မှာ ကျည်ထိမှန်ပြီး သူ့ကို ပကာရီ ရဲစခန်းဘက် ခေါ်ဆောင်သွားရာ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းခံရသူရဲ့ ဖုန်းကို စစ်ကောင်စီတပ်သားတွေက အသုံးပြုပြီး သူနဲ့ ဆက်နွယ် ပတ်သက်သူတွေကို ဖုန်းနဲ့ ဆက်သွယ်ကာ လူကိုယ်တိုင် လာတွေ့ပေးပါလို့ ဖြေခိုင်းပြီး ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ Dawei Information Center က ထုတ်ပြန်ထားပါတယ်။
ပုံစာ-ကျည်ထိမှန် ဖမ်းဆီးခံရတဲ့ ကိုပြည့်စုံ (ခ) ကိုတေ။
MK-003