နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်ကြားမှာ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအကြီးပိုင်း တစ်ဦးအပါအဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) – MDY PDF က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သလို နိုဝင်ဘာ ၉ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းထန်ရရှိတဲ့သူ ၁၈ ဦး ဝန်းကျင်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“နိုဝင်ဘာလ ၈ရက်တိုက်ပွဲမှာ စကစဘက်က ရာထူးကြီး တစ်ယောက်ပါတယ်လို့ သိရတယ်။ သူတို့ဘက်က သေဆုံးတာရှိတယ်။ ကျနော်တို့ဘက်က မရှိဘူး။ ၉ ရက်နေ့မှာတော့ မနက်အစောပိုင်း ၂နာရီကနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် မှန်ကြီး(ခ) ဇော်ဝင်းမောင်ကို ဆုံးရှုံးခဲ့ရတယ်”လို့ ၎င်းက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ် ခမရ ၅၀၂ နဲ့ ခမရ ၅၀၃ တို့က အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခဲ့ပြီး လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်က သူတို့ဘက်က သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ပြင်ဦးလွင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတဲ့အတွက် တိုက်ပွဲထပ်မံ ဖြစ်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံကနေ သိရပါတယ်။