မဲခေါင်၊ ဖေဖော်ဝါရီ ၂
၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့ ပါဝင်နေတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ (PRIO) ဒါရိုက်တာ Henrik Urdal က မနေ့က လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုတွေ အတွက် ဆန်ခါတင် ၅ ဦး စာရင်း ထုတ်ပြန်ရာမှာ ပါဝင်တာပါ။
“ လူ့အခွင့်အရေး လေးစားမှုဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ပင်ကိုယ်အားဖြင့် ဆက်စပ်နေတယ်ဆိုတာ သမိုင်းက ပြသခဲ့ပြီးပါပြီ။ ဒါ့ကြောင့် လူ့အခွင့်အရေး အတွက် အကြမ်းမဖက် တိုက်ပွဲဝင်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် အဖိုးတန်တဲ့ ပံ့ပိုးကူညီမှု တစ်ခုဖြစ်ပြီး အဲလ်ဖရက် နိုဘယ်ကိုယ်တိုင် သတ်မှတ်တဲ့ ‘လူမျိုးအချင်းချင်း မိတ်သဟာယ’ တိုးတက်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒီနှစ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ (၇၅) နှစ်မြောက် ဖြစ်တာကြောင့် ကျွန်ုပ်ရဲ့ နိုဘယ် ဆန်ခါတင်စာရင်းဟာ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူများအပေါ် အချိန်နှင့်တစ်ပြေးညီ အာရုံစိုက် လုပ်ဆောင်နေခြင်းကို ထင်ဟပ်စေပါတယ်” လို့ Urdal က ပြောပါတယ်။
PRIO ဒါရိုက်တာရဲ့ ဆန်ခါတင် ၅ ဦးစာရင်း ပါဝင်သူတွေမှာ အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ သတင်းထောက် Narges Mohammadi နဲ့ ထင်ရှားတဲ့ အာဖဂန် သတင်းထောက် Mahbouba Seraj ၊ ဦးကျော်မိုးထွန်းနဲ့ NUCC ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၊ ဖိလစ်ပိုင်နွယ်ဖွား ဒေသခံပြည်တွေရဲ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Victoria Tauli-Corpuz နဲ့ အီကွေဒေါ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူ Juan Carlos Jintiach ၊ လူ့အခွင့်အရေး အချက်အလက် ဆန်းစစ်ရေးအဖွဲ့ တို့ဖြစ်တယ်လို့ သိရပါတယ်။
ဆန်ခါတင် ၅ ဦးစာရင်း ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ သိရှိစေဖို့ အချိန်နဲ့ တစ်ပြေးညီ ကုလသမဂ္ဂကို အစီရင်ခံ တင်ပြနေသူ ဖြစ်ပါတယ်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ဟာ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးနေရာမှ ဦးဆောင်နေပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ သပိတ်ကော်မတီ အင်အားစုတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်း၊ အင်အားစုတွေကို ဖွဲ့စည်းစုဖွဲ့ထားတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်ပါတယ်။
နိုဘယ်ဆု ၅ ဆု အနက် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နှစ်စဉ် ဒီဇင်ဘာလမှာ ကျင်းပလေ့ရှိပြီး အမည်စာရင်းကို ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားကြပြီး မတ်လ အတွင်း ဆန်ခါတင် စာရင်း ပြုစု ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
၁၉၉၁ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကရရှိခဲ့ပြီး အဆိုပါ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကိုလည်း မြန်မာပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး အတွက် ရံပုံငွေ မတည် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
MK-003
#MeKongNews
#နိုဘဲဆု
#ဦးကျော်မိုးထွန်း
#NUCC