မဲခေါင်၊ မတ် ၂၃
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
နေပြည်တော် PDF -တပ်ရင်း (၈၀၃) က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် ဟာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဒေါတမကြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အတွက် များစွာ ၀မ်းနည်းရကာ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းထားပါတယ်။
စစ်ကောင်စီတပ်တွေက လက်ရှိအချိန်ထိ ဒေါတမကြီးကျေးရွာမှာ တပ်စွဲထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်းမှ စစ်သားတွေ အထိအခိုက် အသေအဆုံး များနိုင်ကာ ဘောလခဲမြို့က လက်နက်ကြီးတွေ ပစ်ကူပေးနေတဲ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း အလွန်အကျွံလုပ်နေတယ်လို့ သိရပါတယ်။
MK-007