မဲခေါင်၊ ဧပြီ ၆
ထိုင်း-မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MoU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ဧပြီလ ၁ ရက်နေ့က စတင်ကာ အလုပ်ထုတ်ခံရတာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် မြန်မာသံရုံး ကတော့ တာဝန်မယူနိုင်တဲ့ ဖော်ညွှန်း ရေးသားထားတဲ့ ထုတ်ပြန်ချက် တစ်ရပ်သာ ထုတ်ပြန်ခဲ့ပါတယ်။
အခုလို MoU လုပ်သားတွေ အလုပ်ထုတ်ခံရတာကို ဖြေရှင်းပေးတာ မရှိဘဲ ပြည်ပ နိုင်ငံအသီးသီးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ သတ်မှတ် ကာလပြည့်မြောက်ချိန်မှာ မိမိနေရပ်သို့ ပြန်ကြဖို့ ဗန်ကောက် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးက ဧပြီလ ၃ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“ထိုင်းကိုလာဖို့ ကုန်ကျစရိတ် အများကြီးနဲ့ လာခဲ့ရတာပါ။ အောက်ခြေမှာ လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေကို ဖြေရှင်းပုံ မမှန်တဲ့ ကိစ္စတွေက ထိုင်းအစိုးရဘက် အထက်လူကြီးတွေ အနေနဲ့ နယ်မြေ ဖြေရှင်းနေတဲ့ အဖွဲ့တွေကို ထိန်းကြောင်းသင့်ပါတယ်။ သံရုံးက ကောင်တွေနဲ့ Agency တွေ MoU ကိုစွတ်ပြီး လွှတ်မနေနဲ့၊ ပိုက်ဆံရပြီးရော လုပ်မနေနဲ့။ ထိုင်းမှာ အလုပ်အမှာစာ မရတဲ့ ပြဿနာ၊ အလုပ်သမား လျှော့ချတဲ့ စက်ရုံတွေနဲ့ စက်ရုံပိတ်ရမယ့် အခြေအနေတွေ အများကြီး ရှိနေတယ်” လို့ NUG အလုပ်သမား ဝန်ကြီးဌာနမှ ဦးဝေလင်းမောင် ကပြောပါတယ်။
လက်ရှိ MoU အလုပ်သမား သောင်းနဲ့ချီ အလုပ်မရတာ၊ သတ်မှတ် လုပ်ခလစာ အပြည့် မရတာ၊ အချိန်ပို မရတာ၊ ဥပဒေမဲ့ အလုပ်ထုတ်တာ၊ မကြာခဏ အလုပ်ပြောင်းရွှေ့ခံရတာ၊ လုပ်ငန်းခွင် ထိခိုက်မှုတွေ အတွက် နစ်နာကြေး မရတာတွေနဲ့ MoU စာချုပ်ပါ အချက်တွေနဲ့ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
“အလုပ်သမားတွေ အလုပ်သစ် ပြန်ရဖို့နဲ့ ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရဖို့ကို အဆင့်ဆင့်သွားနေတယ်။ ခုလက်ရှိ အလုပ်သမား တစ်ရာကျော်လောက်ကတော့ အလုပ်သစ် ပြန်ရဖို့အတွက် သက်ဆိုင်ရာ အေဂျင်စီ တွေက ချိတ်ဆက်ပေးထားပြီး အလုပ်သစ် ပြန်ရဖို့ သေချာနေပါပြီ။ ကျန်တဲ့သူတွေ အရေးကိုလည်း ဆက်လုပ် နေတယ်” လို့ ထိုင်းရောက် မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူ ဦးရဲမင်းက ပြောပါတယ်။
အခုနှစ် ၃ လတာ ကာလမှာ ထိုင်းနိုင်ငံကို MoU နဲ့ အလုပ်လာလုပ်တဲ့ လုပ်သား ၂,၀၀၀ ဝန်းကျင်ဟာ အကြောင်းအမျိုးမျိုးနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အခုလို ပြဿနာတွေ ပေါ်ပေါက်နေပေမယ့် မြန်မာ နိုင်ငံတော် အစိုးရ အနေနဲ့ ပြည်တွင်း စီးပွားရေး တိုးတက်ဖို့ ကော်မတီ အဆင့်ဆင့်နဲ့ လုပ်ငန်းညှိနှိုင်းရေးတွေ ဖွဲ့စည်းပြီး ပြည်တွင်း စီးပွားရေး မြှင့်တင်နေကာ လုပ်ငန်း တည်ထောင်လိုသူတွေကို ကူညီပံ့ပိုးလျက်ရှိတယ်လို့ စစ်ကောင်စီနဲ့ ပဏာသင့်တဲ့ ထိုင်းအာဏာပိုင်တွေက ပြောဆိုတယ် ဆိုပြီးတော့ စစ်ကောင်စီ ဝါဒဖြန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိ ထိုင်းနိုင်ငံကို MoU စနစ်နဲ့ တရားဝင်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တစ်လ သောင်းဂဏန်းကျော် အထိ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ဆိုပါတယ်။
အရင်နှစ် အောက်တိုဘာလအထိ စာရင်းများအရ ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၁ ဒသမ ၄ သန်းကျော်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
MK-010
#MeKongNews
#ထိုင်းနိုင်ငံ
#MOU
#အလုပ်သမားအခွင့်အရေး