မဲခေါင်၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၀၇)ရပ်ကွက်မှာ လူငယ်တစ်ဦးကို ရာအိမ်မှူးတွေနဲ့ စစ်သား ၄ယောက် လက်နက်တွေကိုင်ဆောင်ထားပြီး ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။
ဒီနေ့ဖေဖော်ဝါရီ ၂၆ရက် ညနေ၄နာရီကျော်အချိန်က အဲဒီလူငယ်အမျိုးသားတစ်ဦးကို ဝိုင်းဝန်းကန်ကျောက်ပြီး ၁၀၇ ရပ်ကွက်ရုံးကို ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။
“ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေဝတ်ပြီးပတ်နေကြတာ။ ဘာလို့ရိုက်နှက်ပြီး ဖမ်းသွားတာလဲတော့မသိဘူး။ စစ်သားတွေက လက်နက်ပါတယ် ၄ယောက်လုံး။ ရာအိမ်မှူးတွေလည်း အဖွဲ့လိုက်ရိုက်နှက်ပြီး ခေါ်သွားကြတာ။ အောင်ဇေယျလမ်းကနေ ကုန်ပဒေသာအထိတော့ သေနတ်တွေအရပ်ဝတ်တွေနဲ့ ပတ်နေကြတယ်” လို့ သူကပြောပါတယ်။
အမှတ်၂လမ်းမ တောင်မြောက်လမ်းဆုံဘက်မှာလည်း စစ်ကားတွေနဲ့ ကင်းပတ်နေပြီး ၇၂ရပ်ကွက် အကြော်တဲမှတ်တိုင် ရတနာပုံလမ်းကနေ ငုဝါမြိုင်လမ်း ရပ်ကွက်ရုံးဘက်အထိလည်း ဆိုင်ကယ်၅စီးနဲ့ လက်နက်တွေကိုင်ဆောင်ပြီး ကင်းလှည့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
MK-005
#MeKongNews
#တောင်ဒဂုံ
#စစ်ကောင်စီ