မဲခေါင်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မောချယ်ဂိတ်နဲ့ ဆေးတပ်ရင်း တိုက်တန်းက ဆိုင်ခန်းတွေကို စစ်တပ်က ဒီကနေ့မှာ ဘူဒိုဇာနဲ့ စတင်ဖျက်ဆီး နေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေထံက သိရပါတယ်။
တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်းရှိ မောချယ်ရီကားကွင်း ဆိုင်ခန်းတွေနဲ့ ဗိုလ်ချုပ်လမ်းမကြီး၊ ဆေးတပ်ရင်းအ မှတ်(၂) ပတ်ဝန်းကျင်က ဆိုင်ခန်းတွေကို ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ မနက် ၆ နာရီခွဲကတည်းက ဘူဒိုဇာတွေနဲ့ လာထိုးချနေတာ။ မောချယ်ရီကွင်းကတော့ ဆိုင်ခန်း တော်တော်များများ ဖယ်ပေးပြီးကြပြီ။ ဖယ်ပေးဖို့ လုံးဝ အဆင်မပြေသေးလို့ မဖယ်ရသေးတဲ့ ဆိုင်ခန်းတွေပဲ ကျန်တယ်။ ဆေးတပ်ရင်း ဆိုင်ခန်းတွေကတော့ တော်တော်များများ မဖယ်ရသေးဘူး။ အဲဒါကို အိပ်နေတုန်း ဘူဒိုဇာကြီးတွေ ရောက်ချလာပြီး ထိုးဖျက်နေတာ” လို့ ဆိုင်ခန်းငှား တစ်ဦးက ပြောပါတယ်။
အဲဒီ ဆိုင်ခန်းတွေဟာ တပ်ပိုင်မြေပေါ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စာချုပ်စာတမ်းနဲ့ တရားဝင် ငှားရမ်းပြီး ဆိုင်ခန်းတွေ ဖွင့်လှစ်ထားတာဖြစ်ကာ အခုလို ထိုးချ ဖျက်ဆီးမှုကြောင့် မိသားစု ဝမ်းရေး အတွက် လုပ်ကိုင်နေကြရတဲ့ အိမ်ထောင်စု အများအပြား အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
မောချယ်ရီကားကွင်း၊ ဆေးတပ်ရင်းတိုက်တန်း အပါအဝင် ရှမ်းရိုးမ တိုက်တန်း၊ ကရင်မရေထွက် တိုက်တန်းတို့ရှိ ဆိုင်ခန်း ၅၁၁ ခန်းကို သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့၊ မဖယ်ရှားပါက ဘူဒိုဇာနဲ့ ဖျက်ဆီးမယ်လို့ ဆိုင်ခန်းငှားတွေကို စစ်တပ်မှ ဇန်နဝါရီလ ၂၅ ရက်က ခေါ်ယူတွေ့ဆုံ သတိပေး ပြီးနောက် ဒီကနေ့မှာ စတင်ဖျက်ဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဆိုင်ခန်း ၅၁၁ ခန်းကို မှီခိုအားထားနေရတဲ့ အိမ်ထောင်စု ၄၀၀ ကျော်ရှိပြီး လက်ရှိ ဆိုင်ခန်းနေရာသစ် မရှာဖွေနိုင်တဲ့ အိမ်ထောင်စု အများအပြား ရှိနေသလို စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲဖြစ်နေတဲ့ မိသားစု အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
MK-008