မဲခေါင်၊ မတ် ၈
ရှမ်းပြည် မြောက်ပိုင်း၊ တအောင်း ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေ ၆ လအတွင်း CDM မဝင်ရင် နယ်မြေအတွင်းက ထွက်ခွာဖို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) က ရာဇသံပေးစာ ပေးပို့လိုက်ပါတယ်။
Non-CDM ဝန်ထမ်းတွေ အနေနဲ့ ဖေဖော်ဝါရီလကနေ ဩဂုတ်လအထိ ၆ လအတွင်း CDM ဝင်ကြဖို့၊ CDM မဝင်ဘူးဆိုရင် တအောင်းပြည်နယ်က ထွက်ခွာသွားကြဖို့နဲ့ မလိုက်နာပါက အရေးယူမယ်လို့ TNLA က စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဆင့်ဆင့်ကို စာပို့ခဲ့တာပါ။
“ထုတ်ပြန်တယ် ဆိုတာထက် Non-CDM တွေကို လိပ်မူပြီးတော့မှ အယောက်စီတိုင်း ကျွန်တော်တို့ ပို့တယ်။ ပြီးတော့ သူတို့တွေရဲ့ ရပ်ရွာ ဥက္ကဋ္ဌတွေ၊ ကျေးရွာ ကော်မတီတွေ၊ ရပ်ကွက် ကော်မတီတွေကို ပို့တာ ဖြစ်ပါတယ်” လို့ TNLA တွဲဖက် အတွင်းရေးမှူး (၂) တားပန်လ က မဲခေါင်သတင်းကို ပြောပါတယ်။
တအောင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၄,၀၀၀ ကျော် CDM ဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် နောက်ပိုင်းမှာ ၂,၀၀၀ ကျော်ထိ ပြန်လျော့ကျသွားတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူရုံးက သိရပါတယ်။
စစ်ကောင်စီဘက်က CDM ဝန်ထမ်းတွေကို ဖမ်းဆီး ထောင်ချတာတွေ ရှိနေသလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နယ်မြေတွေမှာလည်း တော်လှန်ရေး အင်အားစုတွေက Non-CDM ဝန်ထမ်းတွေ CDM ဝင်ဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ စစ်ကောင်စီနဲ့ ပတ်သက်သမျှ ထုတ်ကုန်တွေ အားလုံး ရောင်းဝယ်တာ မပြုလုပ်ဖို့ သတိပေးထားပြီး အခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စယ်လန့်ကျေးရွာက ကုန်စုံဆိုင်တွေကို ပထမဆုံး အကြိမ် ဝင်ရောက်စစ်ဆေး ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်တပ် အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်တာကြောင့် တစ်ပတ်ကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလတွင်း ကျောက်မဲမြို့နယ် နမ့်ခုံကျေးရွာအနီး တိုက်ပွဲ ၂ နာရီ ဝန်းကျင် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
MK-009