မဲခေါင်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ကနေ တရုတ်ဘက် ၀င်ခွင့် တစ်ခါသုံးကတ် တိုကင်ပေးတဲ့ နေရာ ထပ်တိုးပေးထားပြီး တိုကင် ရောင်းစားသူ တစ်ချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
“ မန့်ဝိန်းပေါက်မှာ နေ့လယ် ၁ နာရီမှ ပေးမှာ။ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ တစ်စောင်စီ လိုတယ်။ လူစားထိုးလို့ မရဘူး” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
တစ်ခါသုံးကတ် အတွက် မှတ်ပုံတင်နဲ့ ကိုယ်တိုင် တန်းစီရမှာဖြစ်ကာ နာမည်ကောက်ယူပြီး မွန်းလွဲပိုင်းမှ တိုကင် စတင် ထုတ်ပေးမယ်လို့ ပြောပေမယ့် ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက မနက် အစောပိုင်း ကတည်းက ကုန်တင်ကားတွေ ဖြတ်သန်းတဲ့ လမ်းမ ပိတ်ဆို့တဲ့အထိ ရောက်ရှိနေတာ တွေ့ရပါတယ်။
“ ပြန်ဆိုလည်း ဘယ်သူမှ မပြန်ကြဘူး။ နေရာပျောက်မှာ စိုးလို့တဲ့။ မိုးရွာလည်း အစိုခံကြတာ” လို့ တစ်ပတ်ကတ် လုပ်မယ့်သူတွေကို ပို့ဆောင်ပေးနေတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
တန်းစီနေသူ တစ်ချို့ဟာ တရုတ်ဘက်မှာ အလုပ် အတွက် ချိတ်ဆက်ထားတာ မရှိတဲ့အပြင် အသိမိတ်ဆွေ မရှိ၊ နေစရာ မရှိဘဲ ၀င်ရောက်ဖို့ ကြိုးစားနေလို့ တရုတ်ဘက်မှာ အဆင်ပြေမှာ မဟုတ်ဘူးလို့ ရွှေလီဘက် ကျောက်သွားရောင်းမယ့် အမျိုးသား လူငယ် တစ်ဦးက ပြောပါတယ်။
အခုလို တစ်ခါသုံး နယ်စပ်ဖြတ်ကျော်ကတ်ရဖို့ နန်းတော်-ကျယ်ဂေါင်ဂိတ်နဲ့ ဆင်ဖြူ-ကျယ်ဂေါင် ဂိတ်တွေမှာ လူထောင်ချီ တန်းစီနေစဥ် တာဝန်ကျ ဝန်ထမ်းတွေနဲ့ ပွဲစားတွေ ပေါင်းပြီး တိုကင် တစ်ခုကို ကျပ် ၅ သောင်းကနေ ၃ သိန်း အထိ ရောင်းစားနေတာကြောင့် မနေ့က လာရောက် စစ်ဆေး ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ နယ်စပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ မနေ့က အရပ်ဝတ်နဲ့ လာပြီး ဖမ်းသွားတာ။ ၁၀ ယောက်ကျော်တယ်” လို့ သူက ရှင်းပြပါတယ်။
လက်ရှိ ဆင်ဖြူဂိတ်ဘက်မှာ ဆိုင်ကယ် အများအပြားနဲ့ တန်းစီပြီး နေရာရောင်းတဲ့ ပွဲစားတွေ ရှိနေဆဲ ဖြစ်သလို ရှေ့ဆုံးနေရာတွေကို ပြည်သူ့စစ်တွေ ယူထားကာ ပြည်သူ့စစ်တွေရဲ့ အနောက်မှာတော့ ဌာနဆိုင်ရာတွေနဲ့ ပွဲစားတွေ ပေါင်းကာ နေရာဦးထားတာကြောင့် မိုးမလင်းမီ ကတည်းက လာရောက် တန်းစီသူတွေ နောက်မှာပဲ နေရာရတယ်လို့ နေ့စဥ် တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။
ကိုဗစ် ကာလ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မတ်လကုန် ကတည်းက တရုတ်-မြန်မာ နယ်စပ် လူဝင် လူထွက် ပိတ်ထားခဲ့ရာက ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသူတိုင်း တရုတ်နယ်စပ်ဘက် ၆ ညအိပ် ၇ ရက် လည်ပတ်ခွင့် တစ်ခါသုံးကတ် ပြန်လည် ထုတ်ပေးနေတာ ဖြစ်ပါတယ်။
Video-008
CJ-008
#MekongNews
#မူဆယ်
#တိုကင်
#ပြည်သူ့စစ်