မဲခေါင်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ တမူး ကဘော်ဒေသက ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၃) ကို အမျိုးသား လွတ်မြောက်ရေး တပ်မတော်-NLA ဆိုပြီး ပြောင်းလဲ တည်ထောင်လိုက်တယ်လို့ မတ်လ ၅ ရက်က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
နွေဦး တော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တပ်ရင်း အဆင့်ထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့ ဆိုပြီး စစ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်၊ မူဝါဒ လမ်းစဉ်တွေ ချမှတ်ထားတယ်လို့ NLA ကဆိုပါတယ်။
တပ်မတော် အနေနဲ့ အသုံးပြုမဲ့ အလံ၊ ဦးထုပ်၊ လက်မောင်းနဲ့ နယ်မြေတံဆိပ်တွေကို NLA က အသိပေးထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ၊ ဒေသခံ ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ မဟာမိတ်အဖြစ် လက်တွဲကာ စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ တိုက်ခိုက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃) အဖြစ်ကနေ တပ်မတော် အဖြစ် ပြောင်းလဲ တည်ထောင်ခဲ့တဲ့အပေါ် အမျိုးသား ညီညွတ် အစိုးရက မှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။
MK-007
