MKF – 001 ဘာသာပြန်သည်
နွေဦးတော်လှန်ရေးကအမည်ပျက်စာရင်းသွင်းခံ၊လိုက်ဖမ်းခံ၊သေနတ်ခေါင်းထိမှန်ပြီးမှလွတ်မြောက်လာတဲ့ဩစတြေးလျဓာတ်ပုံသတင်းထောက်စတိဗ်သစ်ကနာရဲ့အတွေ့အကြုံများ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီဓားပြတိုက်ခိုက်ရတဲ့ ဖြစ်စဉ်အားလုံးက သူ့ရှေ့ မျက်ဝါးထင်ထင်ရှိခဲ့လို့ ဒီနေ့အထိ ရုပ်ရှင်တစ်ကားလို့ ဒါတွေက စိတ်ထဲရော၊ အိပ်မက်ထဲပါ စွဲမြဲထင်ကျန်နေဆဲ။
သူဆိုတာက ဩစတြေးလျသား ဓာတ်ပုံသတင်းသမားကြီး စတိဗ်သစ်ကနာ (Steve Tickner) ပေါ့။ အသက်က ၇၆ နှစ်ရှိပြီ။ အရင်က ဩစတြေးလျမီဒီယာကြီးတွေဖြစ်တဲ့ Newcastle Herald နဲ့ Gold Coast Bulletin တို့မှာ ဒီအလုပ်ပဲ လုပ်ခဲ့တယ်။ အာဖဂန်နစ္စတန်မှာ သတင်းဓာတ်ပုံတွေ ယူဖူးတယ်။ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားရဲ့ ဂျာကာတာ အစိုးရဆီကလွတ်လပ်ရေးတောင်းလို့ သွေးချောင်းစီးခဲ့တဲ့ အရှေ့တီမောမှာ နောက်ဆုံးလက်ကျန် ပြည်ပသား ဓာတ်ပုံသတင်းသမားအဖြစ် ရဲရင့်ပြခဲ့ဖူးသူ။ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံ မြို့တော်ရန်ကုန်မှာ စတင်နေ ထိုင်ခဲ့ပြီး Frontier Magazine အတွက် ဓာတ်ပုံသတင်းတွေ ရယူပေးခဲ့သူဆိုတော့ မြန်မာစစ်တပ်က ပြည်သူ့ အာဏာကို ရက်စက်တဲ့ သတ်ဖြတ်နှိပ်ကွပ်မှုတွေနဲ့ သိမ်းယူခဲ့တဲ့ သွေးချောင်းစီးဖြစ်စဉ်တွေက သူ့ရှေ့တင်ဖြစ်ခဲ့တာ။
အူမကြီးကင်ဆာဝေဒနာရှင်တစ်ယောက်အဖြစ်နောက်ဆုံးမှာ စစ်ကောင်စီလက်က လွတ်မြောက်ဖို့ စတိဗ်တစ်ကနာ နည်းမျိုးစုံနဲ့ပုန်းရှောင်ထွက်ပြေးလိုက်ရတာ ၂၀၂၂ ဒီဇင်ဘာလရောက်မှပဲ ထိုင်းနိုင်ငံထဲ ရောက်ပြီး လွတ်မြောက်သွားနိုင်ခဲ့တယ်။ သူကောင်းကောင်း အိပ်စက်လာနိုင်တာ ခုမှ ရက်သတ္တပတ်အနည်းငယ် ပဲရှိပါသေးတယ်။ တစ်နှစ်ကျော် ပုန်းအောင်းထွက်ပြေးနေရတဲ့ဘ၀မှာ အူမကြီးကင်ဆာ ကို အရေးပေါ် ဆေးရုံတက်ခွဲခဲ့ရသလို ဆန္ဒပြသူတွေအကြားသတင်းဓာတ်ပုံရိုက်ရင်း ခေါင်းနောက်ဘက် သေနတ်မှန် ပြီး ကိုယ်တိုင် သွေးချောင်းစီးခဲ့ရတဲ့ ဒီရဲရဲတောက်သတင်းသမားကြီး ရဲ့ ကိုယ်တွေ့မှတ်တမ်းကို ဩစတြေးလျ ထိပ်တန်းမီဒီယာ The Sydney Morning Herald and The Age မှာ တင်ပြသွားခဲ့တဲ့အကြောင်းတွေက စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။
သိကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဓားပြတိုက်ခံရတာ ၂နှစ်ရှိပါပြီ။ လူပေါင်း ၂၈၀၀ကျော်ကို သတ်ပစ် ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ၁၇၀၀၀ ကျော် သူတို့ ဖမ်းဆီးထားတယ်။ မခံနိုင်လို့ တော်လှန်ကြတဲ့ လူငယ်တွေ၊ စီဒီအမ်လုပ်သူတွေ ပုန်းခိုရာ ရပ်ဝန်းက ပြည်သူတွေ၊ ရွာတွေအပေါ် ဗုံးမိုး တွေရွာချ၊ ရက်စက်စွာ သတ်ဖြတ်နေကြတုန်းပဲ။
“အာဏာစသိမ်းပြီး ပထမတစ်ပတ်မှာ မြင်ရတဲ့ ပတ်ဝန်းကျင်အနေအထားက အံ့အားသင့်စရာကြီးဗျာ။ နေ့တိုင်း ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတာ တစ်ရက်တခြား လူပင်လယ်ကြီးဖြစ်သွားတယ်။ လမ်းပေါ်က ပါတီပွဲကြီးနဲ့လဲ အလားသဏန်တူပါရဲ့။ တကယ့် မကြုံစဖူးအတွေ့အကြုံကြီးပေါ့။ ကျွန်တော့် အယ်ဒီတာနဲ့ဆွေးနွေးကြရင်းပြောဖြစ်သေးတယ်။ လက်ရှိအထိတော့ လမ်းတွေပေါ်မှာ ဟုတ်နေသေးပေမယ့် စစ်တပ်က ရက်သတ္တပတ်တော်တော်ကို ရန်ကုန်မြို့အတွင်းမှာ အချိန်ယူပြင်ဆင်ပြီး ဖြိုခွဲတော့မယ်၊ ကြမ်းတော့ မယ်ဆိုတာ ပြောခဲ့တာ။ နောက်ဆုံးတော့ ထင်တဲ့အတိုင်း စစ်သားတွေနဲ့ရဲတွေရဲ့တူကြီးတွေနဲ့ လမ်းပေါ် ထုချတော့တာပဲ” လို့ စတိဗ်က အစချီတယ်။
မြန်မာစစ်တပ်နဲ့ ရဲတွေဟာ လမ်းပေါ်က ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်လာတယ်။ ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ကြတယ်။ မြန်မာနိုင်ငံရဲ့ တပ်မတော်နေ့ဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့တစ်ရက်တည်းမှာ သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူ ၁၆၃ ယောက်အထိကို တစ်ရက်တည်းမှာ သတ်ပစ်ခဲ့တယ်။ ကလေးတွေလည်းအများကြီး ပါတယ်။ သွေးစွန်းတဲ့ တပ်မတော်နေ့ပဲ။

စတိဗ်ဟာ ၂၀၁၀ ပြည့်နှစ်က ရှပ်နီ၊ ရှပ်ဝါ အရေးအခင်းကြီးထိုင်းမှာဖြစ်ပွားတော့ ထိုင်းစစ်တပ်က သေနတ်နဲ့ပစ် ခတ်နှိမ်နင်းလို့ ဘုရားကျောင်းထဲ ရှပ်နီဝတ် လှုပ်ရှားသူ ခြောက်ယောက် ဒဏ်ရာတွေနဲ့ပုန်းအောင်းစဉ် အတူရှိနေ ခဲ့ဖူးသူ။ ၂၀၁၃ ခုနှစ်မှာ ကေအိုင်အေကို မြန်မာစစ်တပ်က တိုက်ခိုက်စဉ် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေက Walkley ဆုပေးပွဲရဲ့ နောက်ဆုံးဆန်ခါတင်စာရင်းဝင်ခဲ့ဖူးသူဖြစ်လို့ သူ့အတွေ့အကြုံတွေက များလွန်းပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူအပေါ် ရက်စက်မှုကို မျက်ဝါးထင်ထင်မြင်တော့မှ အံ့ဩမဆုံးဖြစ်ရပါရော။
“တစ်ရက် ဆန္ဒပြပွဲမှာ အဖိုးအိုတစ်ယောက် လမ်းပေါ်လဲကျတာကို ကူညီပြီးတော့ စစ်တပ်က လူတွေကို ဆက် တိုက်ပစ်ခတ်သတ်ဖြတ်လာတဲ့အတွက် အခြေအနေဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အဆင့်ဖြစ်နေပြီဆိုတာ သတိပြုမိသွားတယ်။ နောက်ကို ပြန်ပြေးကြတယ်။ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့အတူတူပေါ့။ ပြေးရင်း ကျွန်တော့်ခေါင်းနောက်ဘက်ကို သေနတ်မှန်သွားတယ်။ သွေးတွေအများကြီးထွက်လာပြီး ကြက်ဥလုံး လောက်ဘုကြီးလည်း ထွက်လာတယ်။ အနားက လူတွေလည်း ထိတာပဲ။ ကျွန်တော်လည်း တစ်ယောက်အပါ အဝင်ထိတာဖြစ်တော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ။ ဘာမှမတွေးနိုင်ဘဲ ပြေးရတာပဲ” လို့ စတိဗ်က ဆိုတယ်။
ဒီလို ရက်စက်စွာသတ်ဖြတ်နေမှုတွေကို ကမ္ဘာက သိမှာစိုးတဲ့အတွက် စစ်တပ်ဟာ မီဒီယာတွေကို အဓိက ပစ်မှတ်ထာပြီး ဖမ်းဆီးဖို့ ကြိုးစားတော့တာပဲ။ ဆိုရှယ်မီဒီယာခေတ်ဆိုတော့ သတင်းတွေ၊ ဓာတ်ပုံတွေ ကမ္ဘာမသိ စေဖို့ သူတို့ မီဒီယာသမားတွေကို ဖမ်းတာပေါ့။ မြန်မာသတင်းသမား ဒါဇင်နဲ့ချီပြီး ဖမ်းခံကြရတယ်။ နိုင်ငံခြားသား တွေလည်း ဖမ်းခံရတာပဲ။ ကျွန်တော်တို့ အယ်ဒီတာ အမေရိကန်သား ဒန်နီဖန်စတာလည်း ထောင်ခြောက်လ ကျခံ ရတယ်။ ဂျပန်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရုကူဘိုတာလည်း သုံးလခွဲထောင်ကျခံရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက လွတ်ငြိမ်းခွင့်နဲ့မှ ပြန်လွတ်လာတယ်။ ဩစတြေးလျ စီးပွားရေးပါမောက္ခ ရှောင်တန်နယ်လည်း ဒီအထဲမှာ တစ် ယောက်အပါအဝင်ဖြစ်တယ်။

စတိဗ်ကတော့ အဖမ်းမခံရအောင် ရှောင်ပုန်းနေနိုင်ခဲ့ပေမယ့် တခြားနိုင်ငံခြားသားတွေလို လေဆိပ်ကနေ အမိနိုင်ငံကို ပြန်ပြေးလို့မရတဲ့ အကြောင်းကလည်း ရှိနေခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်က သူဟာ တားမြစ်ထားတဲ့ နယ်စပ်ဒေသတစ်ခုကို သွားတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာပဲ နာမည်ပျက်စာရင်း သွင်းခံခဲ့ရလို့ ပတ်စ်ပို့တ်တွေ၊ လေယာဉ်လက်မှတ်တွေနဲ့ ပြန်လို့မဖြစ်တဲ့သူဖြစ်နေချိန် နွေဦးတော်လှန်ရေးကြီး ပေါ်လာခဲ့တာဖြစ်တယ်။ ဒီလို ဗီဇာလည်းမရနိုင်၊ နာမည်ဆိုးလှတဲ့ အင်းစိန်ထောင်ထဲလည်း မသွားချင်လို့ စတိဗ် တစ်ယောက် လမ်းပေါ်စစ်ဆေးရေးဂိတ်တွေကို သတိထားပြီး ရှောင်ရှားတယ်။ ရဲတွေလက်က လွတ်မြောက်ဖို့ ထွက်ပြေးလွတ်မြောက်ခဲ့တာလည်း ၃ခါရှိခဲ့တယ်။ သူတိုးတိုးတိတ်တိတ်ခိုးနေထိုင်နေတဲ့ ဟိုတယ်ကို ၂၀၂၁ ဇွန်လထဲမှာ စစ်ကောင်စီဘက်က စီနီယာအရာရှိတစ်ယောက် ရောက်လာပြီး အနောက်နိုင်ငံသားရုပ်နဲ့ ကျွန်တော် တည်သလားမေးတယ်။ လမ်းပေါ်လျှောက်သွားနေရတာ ကိစ္စမရှိပေမယ့် သူနေတဲ့ဟိုတယ်ကို သိသွားတော ပြောင်းပြေးရတာပေါ့။
“၃ရက်လောက် ပြေးအပြီး ကျွန်တော့် ဗိုက်က တော်တော်နာလာတယ်။ လဲကျတဲ့အထိဖြစ်လို့ စစ်အာဏာပိုင် တွေ အနီးကပ်ရှိနေတဲ့ ရန်ကုန်က ဆေးရုံကြီး အရေးပေါ်ခန်းထဲဝင်ပြီး ခွဲစိတ်ကုသလိုက်ရသေးတယ်။ ကျွန်တော့် မှာ အူမကြီးကင်ဆာရှိနေတယ်။ ဆေးရုံမှာ ခွဲစိတ်ပြီး ၂ရက်အကြာ ကျွန်တော်နေတဲ့ ဟိုတယ်ကို စစ်တပ်၊ ရဲနဲ့ လ၀ကတွေ ဝင်ဖမ်းကြတယ်။ ကျွန်တော့် ပတ်စ်ပို့တ်ကို သူတို့ရသွားတော့ သူတို့အလိုရှိနေတဲ့ ပြည်ပသတင်း သမားမှန်းသိပြီး ပိုဖမ်းချင်ပေမယ့် ကျွန်တော် ဆေးရုံပေါ်ရောက်နေတာ မသိကြတော့ ကံကောင်းသွားတယ်။ ဆေးရုံမှာ ကျွန်တော် ခေါင်းထဲက ကျည်ဆန်ပါ ထုတ်ပစ်ခဲ့တယ်။ ကျွန်တော့်ဘေးမှာ ကုတင်မရဘဲ တက်လာခဲ့တဲ့ လူနာ ၂ဦး မျက်စိရှေ့မှာပဲ သေသွားတယ်။ ၁၀ ရက်လောက်ကြာတော့ လူနာတွေများလွန်းပြီး ဆရာဝန်နဲ့ ကျန်း မာရေးဝန်ထမ်းတွေသပိတ်မှောက်နေလို့ မရှိသလောက်ရှားတဲ့ ဆေးရုံက ကျွန်တော့်ကို မောင်းထုတ်လိုက်တော့ တယ်။ လမ်းလေး ခပ်လှုပ်လှုပ်လျှောက်နိုင်တဲ့အနေအထားပဲ ရှိပါသေးတယ်” လို့ ကံကောင်းလို့ မသေ၊ အဖမ်းမခံရတဲ့အကြောင်း စတိဗ်က ပြောပြတယ်။
သူ့အကြောင်း ထိုင်းက ပြည်ပသားသတင်းသမားတွေကြားသိတော့ ကင်ဆာကြိတ်ခွဲစိတ်ဖယ်ရှားဖို့ ငွေကြေး ရှာဖွေစုဆောင်းထောက်ပံ့ပေးကြတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်စွာ ပုန်းအောင်းနေထိုင်ဖို့ စီစဉ်ပေးကြတယ်။ ဘုန်းကြီးကျောင်းမှာ နေထိုင်မကောင်းတာကို ကုသအားမွေးပြီး ပုန်းအောင်းနေခဲ့ရတာ လပေါင်းများစွာကြာခဲ့တယ်။ ပြီးတော့ ရန်ကုန်ုက နောက်ထပ် လျှို့ဝှက်တစ်နေရာမှာ လနဲ့ချီပူးပေါင်းပြီး ၂၀၂၂ ဒီဇင်ဘာလကမှ ရန်ကုန်ကနေ လွတ်မြောက်ထွက်ပြေးဖို့စတင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လိုထွက်ပြေးလွတ် မြောက်လာသလဲဆိုတာကို စတိဗ်က အသေးစိတ်ကို မပြောပြနိုင်ပါဘူး။ ခပ်ပေါ့ပေါ့နဲ့ပြောလိုက်ရင် သူလွတ် မြောက်ဖို့အရေး ကူညီပေးခဲ့သူ၊ စစ်ကောင်စီရဲ့ အားနည်းချက်ရှိတဲ့ စနစ်တွေ ပေါ်လွင်ပြီး သက်ဆိုင်သူတွေ ဒုက္ခ ရောက်နိုင်လို့ မပြောပြတာဖြစ်ကြောင်း စတိဗ်က ဆိုတယ်။
“လုံးလုံး သူစိမ်းတွေပါ။ ကျွန်တော့်ဆီကို သူတို့ဝင်လာတယ်။ စစ်ကောင်စီသိသွားရင် ဒုက္ခအကြီးအကျယ် ရောက်မှာ သိကြလဲ စတေးပြီးကို ကူညီပေးခဲ့ကြသူတွေ ရှိခဲ့တယ်။ အဲဒါ ဗမာ ဆိုတဲ့ လူမျိုးတွေပါပဲ။ ထိုင်းက နိုင်ငံ ခြားသား ဂျာနယ်လစ်တွေနဲ့ နိုင်ငံတကာသတင်သမားများအဖွဲ့ချုပ် – IFJ က လူတွေလည်း ကျွန်တော်နဲ့ လုံး၀ မသိကျွမ်းကြဘဲ ကူညီပေးခဲ့ကြတယ်” လို့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်စွန့်စား သတ္တိနဲ့ ကူညီမှုကို ဦးညွှတ် ဂုဏ်ပြုပြောကြားသွားပါတယ်။
အခု စတိဗ်ဟာ ဘေးကင်းလုံခြုံသွားပြီဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေကတော့ ထပ်ပြီး ခွဲစိတ်ကုသမှုတွေ ခံယူရပါဦးမယ်။ သူ့အပေါ်ကူညီခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ လွတ်လပ်ခွင့်နဲ့တရားမျှတခွင့်အတွက် သူမျက်ကွယ် မပြုချင်သေးပါဘူး။
“မြန်မာ လူမျိုးတွေအတွက် ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ဟာ ဒီလိုစိတ်နာကျင်စရာ အတွေ့အကြုံတွေကို ခံစားခဲ့ရ၊ ခံစားနေကြရတယ်။ ညဘက်လည်းဘယ်အချိန် စစ်ကား အိမ်ရှေ့လာရပ်မလဲ၊ ဘယ်အချိန် လာဖမ်းမလဲဆိုပြီး ကြက်အိပ်ကြက်နိုးနဲ့ နေထိုင်ရှင်သန်နေကြရတယ်။ ကျွန်တော်လည်း အခုမှ စိတ်ချလက်ချ အိပ်ပျော်တဲ့ ညတွေပြန်ရတာ တစ်လပဲရှိပါသေးတယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ ကျွန်တော်မိတ်ဆွေ မြန်မာသူငယ်ချင်းတွေအားလုံး အိပ်မရတဲ့ ရောဂါဝေဒနာ ကို ဒီနေ့အထိ ခံစားနေကြရပြီ။ သူတို့မကြားချင်ဆုံးအသံက ည ၁၂ နာရီသန်းခေါင်းအချိန် စစ်ကားတွေ လမ်းပေါ် မောင်းနေတဲ့အသံ၊ ခွေးတွေဟောင်နေတဲ့အသံတွေပဲ။ ဒီအချိန်ဆိုသူတို့လာပြီး အိမ်တွေကို ဝင်စီးနေကြဖြစ်တာကိုး” လို့ မြန်မာပြည်သူတွေ စစ်ခွေးလန့်နေရတဲ့ အိပ်ပျက်ညတွေအကြောင်း စတိဗ်က ကွက်ကွက်ကွင်းကွင်းမြင်အောင် ဖွင့်ဟလိုက်တယ်။
စတိဗ် မြန်မာပြည်ကိုပြန်လာချင်လည်း လက်ရှိအခြေအနေက ပြန်သွားလို့မရတဲ့ အခြေအနေ၊ ဗီဇာနဲ့ ပတ်စ်ပို့တ် ကိစ္စတွေရှုပ်ထွေးမှုရှိတဲ့ အခြေအနေတွေကြောင့် မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင်ကို နိုင်ငံခြား ရေးဝန်ကြီး ပန်နီဝေါင်းထံ တင်ပြထားတယ်။ အခု အာဏာသိမ်းအပြီး တတိယနှစ်ထဲ စတင်ချဉ်းနင်းဝင်ရောက် လာလဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မာန်ရေးကြွနေဆဲပါ။
“မြန်မာတပ်မတော်ရဲ့ ကျင့်ဝတ်က နိုင်ငံနဲ့ ပြည်သူတွေကို အသက်ပေးကာကွယ်ဖို့တဲ့။ ဒါပေမဲ့ ဒီစစ်တပ်ဟာ သမိုင်းတစ်လျှောက်လုံး ပြည်ပရန်စွယ်အတွက် တိုက်ခိုက်ခဲ့ရတာ ဘာမှမရှိဘူး။ ဆယ်စုနှစ်ပေါင်းများစွာ သူတို့သတ်ဖြတ်ခဲ့တာက မြန်မာပြည်သူတွေပဲ။ ရွာတွေ အပေါ် ဗုံးတွေကျဲချတယ်။ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ လူနေအိမ်တွေအပေါ်ပဲ ဗုံးတွေကျဲချနေမြဲ အတိုင်း လုပ်နေကြတုန်းပဲ။ ဒါဟာ မြန်မာပြည်သူတွေ လက်ရှိ နေထိုင်ရှင်သန်ရတဲ့ လက်တွေ့ဘ၀ဖြစ်တည်မှု တွေပဲ။ အချိန်မရွေး ဝင်စီးနင်းခံရနိုင်တယ်၊ အိမ်တွေကို ဝင်ဖျက်ဆီးနိုင်တယ်။ သူတို့ရင်သွေးတွေကို ဝင်ဖမ်းဆီးပြီး သတ်ပစ်နိုင်တယ်။ အဖိုးအဖွားတွေကိုတောင် ဖမ်းဆီးနိုင်တယ်ဆိုတာကို နေ့စဉ်နဲ့အမျှ နှလုံးသွင်းပြီး ရှင်သန်နေ ထိုင်နေကြရတာပါ။ ဒါကျွန်တော့်ရဲ့ အတွေ့အကြုံကို မျှဝေတာလည်းဖြစ်တယ်။ ဒါတွေကို ကျွန်တော် ကျော်လွန် သွားနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော့်လို မကျော်လွန်နိုင်ဘဲ နေ့တိုင်း အကြောက်တရားနဲ့ အထိတ်တလန့် ရှင်သန်နေရဆဲဖြစ်တဲ့ မြန်မာပြည်သူတွေအတွက် အရမ်းအရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ အတတ်နိုင်ဆုံးလုပ်ပေးကြဖို့က ဒီစစ်မိစ္ဆာတွေကို ပြန်လှန်တိုက်ထုတ်နေကြတဲ့ မြန်မာလူငယ်တွေကို အကောင်းဆုံး ထောက်ပံ့ပေးကြဖို့ပဲ ရှိပါတယ်” လို့ စတိဗ်က ကိုယ်ချင်းစာစကား နက်နက်ရှိုင်းရှိုင်းပြောရင်း နိဂုံးချုပ်ခဲ့ပါတော့တယ်။
Ref: brisbanetimes.com
#MeKongNews #စတိဗ်သစ်ကနာ #မြန်မာပြည်ငရဲခန်း