မဲခေါင်၊ မတ် ၇
စစ်မြေပြင်မှာ စစ်သားတွေ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စစ်တိုက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့၊ ကလော တပ်နယ်ခန်းမမှာ မနေ့က မွန်းလွဲပိုင်းက ပြုလုပ်တဲ့ စစ်သားတွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
စစ်သားတွေ အနေနဲ့ အချိန်အခါမရွေး စစ်တိုက်နိုင်ရမှာဖြစ်ပြီး စစ်မြေပြင်မှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စစ်တိုက်ရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူတွေက ရရာလက်နက်စွဲကိုင်ကာ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေတာကြောင့် ရှေ့တန်းမှာ စစ်သားတွေ အသေအပျောက်များနေပြီး တချို့ စစ်ဗိုလ်တွေနဲ့ စစ်သားတွေ ရှေ့တန်း မထွက်ချင်လို့ လာဘ်ထိုး ဆေးခွင့်ယူတာတွေ၊ ရှေ့တန်းသွားဖို့ ငြင်းဆန်တာတွေအပြင် တပ်ထဲက ထွက်ပြေးတာတွေ များပြားနေချိန်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ရှေ့တန်းမှာ စစ်ကောင်စီတပ်သားတွေဟာ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေထံ ထွက်ပြေး ခိုလှုံနေကြပြီး တချို့ စစ်သားတွေ လက်နက်တွေပါ ယူဆောင် ခိုလှုံနေကြပါတယ်။
ဒီလို တပ်တွင်းပြိုကွဲမှုတွေကို ထိန်းချုပ်နိုင်ဖို့ အရာရှိနဲ့ စစ်သား တစ်ပြေးညီ ထမင်းစားပွဲတွေလို အပေါ်ယံ ကိစ္စမျိုးတွေနဲ့ ချွေးသိပ် စည်းရုံးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဒါ့အပြင် တပ်တွင်း လျှို့ဝှက်ညွှန်ကြားချက်တွေ အပြင်ကို တောက်လျှောက် ပေါက်ကြားနေလို့ စစ်ကောင်စီက တပ်တွင်း သတင်းပေးတွေ ရှာဖွေတာ၊ သံသယ ရှိသူတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ်နေပေမဲ့ သတင်းတွေ ဆက်လက် ပေါက်ကြားနေဆဲ ဖြစ်ပါတယ်။
MK-007