မဲခေါင်၊ ဇန်နဝါရီ ၂၅
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့သူ စီးပွားရေးသမားထွန်းမင်းလတ်ကို ဦးဆောင်ဖမ်းဆီးခဲ့တဲ့ ဘန်ကောက်ထိုင်းရဲမှူးကို နယ်မြို့ဖြစ်တဲ့ ချိုင်ယာဖမ်းခရိုင်ရုံးကို ပြောင်းရွှေ့လိုက်တယ်လို့ Inside Thailand သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ၂၀၂၀ ခုနှစ်ကတည်းက ထွန်းမင်းလတ်ကို ၀ရမ်းထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာ ဒီလေးယောက်ကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ထွန်းမင်းလတ်ဟာ တာချီလိတ်မီးပေးဝေမှုအတွက် မူးယစ်ဆေးနဲ့ ငွေကြေးခဝါချမှုကရတဲ့ငွေတွေသုံးစွဲပြီး ဒင်းယန်းဂန်တူလာပိုင် ကုမ္ပဏီဖြစ် တဲ့ Allure Group P&E နဲ့ Myanmar Allure Group Company Limited တို့ကနေ တရားမဝင် ငွေလွှဲစင်တာကတစ်ဆင့် ငွေကြေးအပေးအယူလုပ်ခဲ့တယ်လို့ စွဲချက်တင်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ထွန်းမင်းလတ်တို့ဖမ်းမိအပြီး ၂ပတ်အကြာမှာ ဒင်းယန်းဂန်တူလာရဲ့ ယောက္ခမ ယူပါကစ်ပါချာရီယန်ကွန်ကို ၀ရမ်းထုတ်ဖမ်းဆီးခဲ့ပေမယ့် လက်ရှိလွတ်တော်အမတ် (အရင်က အာဏာသိမ်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ လူယုံ စစ်တပ်အရာရှိ) ကို ချက်ချင်း၀ရမ်းပြန်ရုပ်သိမ်းပေးပြီး လွှတ်ပေးခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထွန်းမင်းလတ်နဲ့ အမှုတွဲပါဝင်သူ ထိုင်း-အမေရိကန်နိုင်ငံသား ဒင်းယန်းဂန်တူလာတို့ကို ရက်ချာဒါဖီဆက် တို့ကို ခြေချင်းခတ်လျှက် ရုံးထုတ်လာခဲ့ပြီး အမှုတွဲမှာ နောက်ထပ်ပါဝင်သူ နမ်ဟွမ်နတ်တရာကွန်နဲ့ ပီယာဒါခမ်တာတို့ကိုတော့ ခြေချင်းမခတ်ထားဘူးလို့ သိရပါတယ်။
ထိုင်းမီဒီယာတွေကတော့ ပရာယွတ်ဟာ ယူပါကစ်ကို လွှတ်တော်အမတ်အဖြစ် မခေါ်ခင် ဒီလူဟာ အမှုတွဲကာလ အတွင်း Allure Group P&E ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သေးလို့ အမှုတွဲမှာ ပါဝင်ပတ်သက်သူလို့ ဝေဖန်နေကြပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့ တရားခွင်မှာ ထွန်းမင်းလတ်နဲ့ စွပ်စွဲခံအားလုံးက သူတို့ကုမ္ပဏီဟာ တာချီလိတ်ကို လျှစ်စစ်ဆက်စပ်ပစ္စည်းတွေတင်ပို့မှုသာလုပ်ခဲ့ကြောင်းနဲ့ အပြစ်မရှိဘူးလို့ ရှေ့နေကတစ်ဆင့် လျှောက်လွှဲခဲ့ကြပါတယ်။
ဒီအမှုစစစ်တဲ့ရက်မှာပဲ Inside Thailand သတင်းဝက်ဘ်ဆိုက်က ဒီအမှုကို ဦးဆောင်ဖမ်းဆီးတဲ့ ရဲမှူးနယ်ပို့ခံရ ကြောင်းနဲ့ ဒီအမှုအတွက် ၀ရမ်းထုတ်ပေးခဲ့တဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး ဒုတိယအထွေထွေ အတွင်းရေးမှူး ပီယာဆီရီ ဝက်တန်နာဗာရန်းကူလည်း အန္တရာယ်မကင်းဘူးလို့ ရေးသားဖော်ပြသွားခဲ့တာဖြစ်ပါ တယ်။
ထွန်းမင်းလတ်အမှုမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးပိုင် ဒေါ်လာ ၈ ဒဿမ ၉၆ သန်းတန် နေအိမ်၊ ဘဏ်စာရင်း၊ ကား၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ထိုင်းရဲက သိမ်းဆည်းခဲ့ပါတယ်။ ဒီသတင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ကိုယ်စားလှယ်အဖွဲ့ ငပလီကိုလာပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဒီအရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့တော့ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။
MKF – 001
Ref: Inside Thailand
#TunMinLatt #Allure