မဲခေါင်၊ ဇန်နဝါရီ ၁၆
စစ်ကိုင်းနဲ့ မကွေး အပါအဝင် နိုင်ငံတစ်ဝန်း တိုင်းနဲ့ပြည်နယ် အသီးသီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် ကျူးလွန်ခဲ့ရာ ၂၀၂၂ ဒီဇင်ဘာ လကုန်အထိ ပြည်သူလူထု နေအိမ် ၅၀,၀၀၀ နီးပါး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ Data for Myanmarက မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် မီးရှို့လို့ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးခဲ့ရာမှာ စစ်ကိုင်းတိုင်းမှ နေအိမ် ၃၆,၆၆၇ လုံး၊ ချင်းပြည်နယ်မှ နေအိမ် ၁၄၇၅ လုံး၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေက နေအိမ် ၁,၇၃၆ လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar က ဖော်ပြထားပါတယ်။
အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှုတွေကို Data for Myanmar U အချက်အလက် ကောက်ယူရာမှာ သတင်းမီဒီယာတွေနဲ့ ဒေသခံ သတင်းပြန်ကြားရေး အဖွဲ့တွေက ဖော်ပြတဲ့ တိုက်ပွဲ သတင်းတွေ၊ နေအိမ်မီးရှို့ခံရတဲ့ သတင်း တွေကို ရက်အလိုက် ဖြစ်စဉ်အလိုက် ပြန်လည် စိစစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို စိစစ်ထားတာကို ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးခဲ့ပြီး မီးရှို့ခံရပေမယ့် အရေအတွက်နဲ့ ရက်စွဲ မပြည့်စုံတဲ့ အချက်အလက် တွေကို ချန်ထားခဲ့ရတဲ့ အတွက် မြေပြင်မှာ မီးလောင်ပျက်စီးတဲ့ နေအိမ် အရေအတွက်ဟာ အခုစာရင်းထက် ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရွာတွေကို မီးရှို့တာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းက တိုက်ခိုက်တာတွေ ဆက်တိုက် ကျူးလွန်လျက်ရှိပြီး အရပ်သား သေဆုံးမှုတွေလည်း တစ်နေ့ထက် တစ်နေ့ မြင့်တက်နေပါတယ်။
MK-003
