မဲခေါင်၊ မတ် ၆
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မနေ့ကနဲ့ ဒီနေ့တွေမှာ စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံ ပြည်သူ ၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
ကန့်ဘလူမြို့နယ်က ကျေးရွာတွေဖြစ်တဲ့ ချပ်သင်း၊ ပင့်သာနဲ့ အောက်တဲရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးရာ ပြည်သူ နေအိမ် ၁၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကိုးတောင်ဘို့တိုက်နယ်၊ အောက်တဲရွာကို မတ်လ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီ ပူးပေါင်းတပ် အင်အား ၅၀ ကျော်နဲ့ စစ်ကြောင်းထိုး မီးရှို့ခဲ့လို့ နေအိမ် ၄၂ လုံး ပျက်စီးခဲ့ပြီး ချပ်သင်းကျေးရွာကို မီးရှို့လို့ တိုက်အိမ် ၇ လုံး မီးလောင်ပျက်စီး ခဲ့ပါတယ်။
ဒါ့အပြင် ပင့်သာ-တည်ပင်ရွာကို ၂ ရက်ဆက်တိုက် မီးရှို့တာကြောင့် နေအိမ် ၅၁ လုံးနဲ့ လယ်ယာသုံး ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပင့်သာရွာဟာ ၄ ကြိမ်မြောက် မီးရှို့ခံရတာ ဖြစ်ပြီး ကျေးရွာ အတွင်းက စုစုပေါင်း အိမ်ခြေ ၁၅၀ ကျော် ပျက်စီးခဲ့ပါတယ်။
အဆိုပါ ကျေးရွာ ၃ ရွာကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာဟာ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (၁၃၇) ဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အခုလို စစ်ကောင်စီ ပူးပေါင်းတပ်တွေ ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ ၃၀,၀၀၀ ကျော ်နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့က စစ်တပ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို စစ်တမ်းကောက်ယူနေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဇန်နဝါရီ ၃၁ ရက်အထိ စာရင်းအရ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က ပြည်သူ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းက ပြည်သူ သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ သောက်သုံးရေ မလုံလောက်တဲ့ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေက ဆိုပါတယ်။
MK-007