မဲခေါင်၊ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းမှာ ရိက္ခာနဲ့ သောက်သုံးရေပြတ်လပ်နေတဲ့အတွက် ရိက္ခာဖြည့်ဖို့အတွက် တောင်တစ်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ PDF တပ်တွေကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
PDF တပ်ဖွဲ့တွေက ဆုတ်ခွာမပေးတာကြောင့် စစ်ကောင်စီတပ်နဲ့ မိုးဗြဲPDF၊ ဖယ်ခုံPDF၊ လွိုင်ကော်PDF၊ KNDFတပ်ရင်း-၃တို့ပါဝင်တဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၇ရက်ကနေ ဒီကနေ့အထိ ၃ရက်ဆက် တိုက်ပွဲပြင်း ထန်နေတာဖြစ်တယ်လို့ Frog Drum Revolution-Pekhon Zoneရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ PDFတွေကို ဆုတ်ခိုင်းတာ မဆုတ်လို့ စက်တော်ရာတောင်မှာ ၃ရက်ဆက်တိုက်ပွဲဖြစ်နေပါတယ်။ ဆုတ်ခွာ ဖို့လည်း အစီအစဉ်မရှိပါဘူး။ သူတို့က ရိက္ခာပြတ်လို့ စစ်ကြောင်းထိုးလာတော့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ” လို့ သူကပြောပါတယ်။
ရိက္ခာပြတ်လို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ PDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ၃ရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးထားတယ်လို့ Frog Drum Revolution-Pekhon Zone ကနေ သိရပါတယ်။
ဒါ့အပြင် ဖယ်ခုံမြို့စွန်၊ မိုးဗြဲနယ်စပ်ရှိ ခမရ-၄၂၁တပ်စခန်းတောင်တန်းပေါ်က ဆက်သွယ်ရေးတာဝါတိုင် ၉တိုင်ကို KNDF တပ်ရင်း-၁၁ ဖယ်ခုံအဖွဲ့က ဖြိုလဲခဲ့ခြင်းကြောင့်လည်း အဆိုပါ တပ်ရင်းက လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြုပြီး လူနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
“ ခမရ-၄၂၁က လက်နက်ကြီးနဲ့ လျှောက်ထုတာတွေရှိနေတယ်။ ဒီရက်ပိုင်းဖယ်ခုံဇုန်မှာ တိုက်ပွဲပြင်းထန်လာဖို့ ရှိပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာရှင်ကိုမောင်းထုတ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်စာအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့၊အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ဘေးကင်းရာနေရာတွေကို အချိန်မှီရှောင်ရှားနိုင်ဖို့ အသင့်ပြင်ဆင်ထားကြဖို့ Frog Drum Revolution-Pekhon Zoneက မေတ္တာရပ်ခံထားပါတယ်။
မိုးဗြဲမြို့မှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF၊ (၁၀၀၁) တပ်ရင်းကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။
မနေ့ မနက် ၉ နာရီခန့်က တင့်ကားတစ်စီး အပါအဝင် စစ်အင်အား အမြောက်အများနဲ့ မိုးဗြဲမြို့သို့ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်တပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ KNDF B (03) နဲ့ လွိုင်ကော် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကို ဖယ်ခုံမြို့ အခြေစိုက် စစ်တပ်၊ မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်နဲ့ ဝါရီဆူးပလိုင်မှာ တပ်စွဲထားတဲ့ စစ်တပ်တို့က တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားရာ စက်တော်ရာတောင်ကို ကျလို့ အနည်းဆုံး ၅ ဦးသေဆုံးသွားခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
MK-008
#MeKongNews