မဲခေါင်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းချိန်မှစပြီး ဒီကနေ့အထိ ကျေးရွာပေါင်း ၆၂ ရွာမှ လူနေအိမ်ပေါင်း ၃,ဝဝဝ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းချိန်မှစပြီး ဒီကနေ့အထိ ကျေးရွာပေါင်း ၆၂ ရွာမှ နေအိမ်ပေါင်း ၃,၅၈၇ အိမ် အထိ မီးရှို့ဖျက်ဆီးခံရပြီး မီးဘေးသင့် အိုးမဲ့အိမ်မဲ့ ပြည်သူ ၁၈,၀၀၀ ခန့် အထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေဘိုခရိုင်၊ ဒီပဲယင်း-ရေဦး-ရွှေဘိုနယ်ရှိ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးနယ် ဗျိုင်းကြိုင်ကျေးရွာ၊ ရုံးစုကျေးရွာ၊ ညောင်ပင်ကြီးစုကျေးရွာတို့ကို ဇန်နဝါရီ ၃၀ ရက်မှ စတင် မီးရှို့ဖျက်ဆီးခဲ့ကာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရေဦးမြို့အတွင်း ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်က အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိ ဗျိုင်းကြိုင်ကျေးရွာကို ဒုတိယ အကြိမ်အဖြစ် အိမ်ခြေ ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ရာ ၁၀ အိမ်ခန့်သာ ကျန်ရှိတယ်လို့ ဆိုပါတယ်။
မနေ့က အိမ်ခြေ ၄၅၀ ဝန်းကျင်ရှိ ရုံးစုကျေးရွာဟာ ကျေးရွာ မူလတန်း စာသင်ကျောင်းပါမကျန် အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အိမ် ၂၀ ခန့်သာ ကျန်ရှိတယ်လို့ သိရပါတယ်
အလားတူ မနေ့ကနဲ့ ဒီနေ့မှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ ညောင်ပင်ကြီးစုကျေးရွာဟာ အိမ်ခြေ ၁၅၀ ခန့် မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
အဲဒီလို မီးရှို့ဖျက်ဆီး ခံခဲ့ရတဲ့ ကျေးရွာ ၃ ခုမှ ဒေသခံ ၃,၅၀၀ ကျော်ဟာ အရေးပေါ် စားစရာ၊ နေစရာတွေ လိုအပ်နေတယ်လို့လည်း ခင်ဦး သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် စစ်တပ် စစ်ကြောင်း ဝင်ရောက်စဉ် ရဲဘော် တစ်ဦး ကျဆုံးပြီး ညောင်ပင်ကြီးစုကျေးရွာမှ အသက် ၉၀ ကျော် အဖိုးအို သေဆုံးခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
MK-003
#MekongNews
#ခင်ဦးမြို့နယ်
#မီးရှို့ဖျက်ဆီး
#စစ်ကြောင်း