စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် စောကြီးရွာကို စစ်တပ်က ဒီကနေ့ မနက်ပိုင်းမှာ မီးတင်ရှို့နေပြီလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထံမှ သိရပါတယ်။
ဒေါင်းလှရွာမှာ ညအိပ် စတည်းချခဲ့တဲ့ စစ်အင်အား ၇၀ ခန့်ဟာ ပေါက်တောကျေးရွာမှ တစ်ဆင့် စောကြီးကျေးရွာထဲ ဝင်ရောက်ကာ ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ နေအိမ်တွေကို မီးရှို့နေတယ်လို့ သိရပါတယ်။
နောက်ထပ် စစ်ကြောင်း တစ်ကြောင်းကတော့ မကျီးတုံ ပျူရွာသို့ တစ်ဖွဲ့၊ မိုင်းနင်းမိထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဆေးကုဖို့ ခင်ဦးမြို့ပေါ် စခန်းသို့ တစ်ဖွဲ့၊ ၂ ဖွဲ့ခွဲသွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပေါင်းလဲကုန်းရွာမှ အိမ်ခြေ ၂၀၀ ခန့်၊ လက်ပံကြီးရွာမှ အိမ်ခြေ ၁၀၀ ကျော်၊ ရွှေကာရွာမှ အိမ်ခြေ ၁၁၀ ကျော်၊ မဒေါင်းကြီးရွာမှ အိမ်ခြေ ၁၀၀ ကျော် စုစုပေါင်း အိမ်ခြေ ၆၀၀ နီးပါးကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာပေါင်း ၄၇ ရွာမှ နေအိမ်ပေါင်း ၂၃၀၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။