မဲခေါင်၊ မတ် ၁၆
ကရင်နီပြည်မှာ အထိနာနေတဲ့ တပ်ဖွဲ့တွေ အနေနဲ့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့ ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်း က မနေ့က လွိုင်ကော်တပ်နယ်မှာ စစ်သားနဲ့ မိသားစုတွေကို တွေ့ဆုံ တိုက်တွန်းလိုက်ပါတယ်။
စစ်တပ် အင်အား ထောင်ကျော်နဲ့ ထိုးစစ်ဆင်နေတဲ့ ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မြို့သို့ မနေ့က ဒုတိယ စစ်ခေါင်းဆောင် ရောက်ရှိစဉ် စစ်သားတွေနဲ့ မိသားစုတွေကို အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
“တပ်မတော်သားတွေဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရာမှာ ၂၄ နာရီ တာဝန်ရှိပါတယ်။ ဒီလို ထမ်းဆောင်ရာမှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲတဲ့ စိတ်ဓာတ်တို့နဲ့ မဆုတ်မနစ် ထမ်းဆောင်ကြဖို့ လိုပါတယ်။ စစ်ဆင်ရေး၊ လုံခြုံရေး တာဝန် ထမ်းဆောင်ရာမှာ သင်ကြားပေးတဲ့ စစ်ပညာတွေကို မှန်မှန်ကန်ကန် အသုံးချဖို့နဲ့ တပ်ဆင်ပေးထားတဲ့ လက်နက်၊ ခဲယမ်း၊ ကိရိယာတွေကို အပြည့်အဝ ထိရောက်စွာ အသုံးချဖို့ လိုပါတယ်” လို့ စိုးဝင်းက ဆိုပါတယ်။
ဒါ့အပြင် တပ်တွင်း စည်းလုံးညီညွတ်ဖို့ ပြောဆိုပြီး အခက်အခဲနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်လို့ ပြောဆိုပါတယ်။
လွိုင်ကော်ရောက် ဒုတိယ စစ်ခေါင်းဆောင်ဟာ ဘာသာရေး အသင်းအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တည်ငြိမ်အေးချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေး အတွက် စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ပြည်နယ်အစိုးရတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။
ဒါ့အပြင် ဘာသာရေးအသင်းအဖွဲ့တွေ အနေနဲ့ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ မှန်ကန်တဲ့ နည်းလမ်း အဖြစ် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ သတိပေးပါသေးတယ်။
စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ကိုင်တွယ်တဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လွိုင်ကော် ရောက်ရှိနေစဉ် လုံခြုံရေး အထူးတင်းကျပ်ထားပြီး ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။
စစ်မြေပြင်မှာ စစ်သားတွေ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စစ်တိုက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့၊ ကလော တပ်နယ်ခန်းမမှာ မတ်လ ၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်တဲ့ စစ်သားတွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါသေးတယ်။
#MeKongNews
#လွိုင်ကော် #စိုးဝင်း #ကလောမြို့