မဲခေါင်၊ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မလည်တိုက်နယ်က ရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ၃ ရက်အတွင်း နေအိမ် ၂၄၈ လုံး မီးလောင်ပြာကျတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့က အသိပေး ထုတ်ပြန်ပါတယ်။
မလည်တိုက်နယ်ရွာရှိ မြေမွန်ရွာ၊ တရော်ကိုင်းရွာ၊ ပေကုန်းတောင်ရွာနဲ့ ချောင်းကြားရွာတို့ကို အခုလ ၁၉ ရက်မှ ၂၁ ရက်အထိ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဖေဖော်ဝါရီ ၁၉ ရက်မှာ မြေမွန်ရွာကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၉ က အင်အား၈၀ ခန့်နဲ့ မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၁၈ လုံး မီးလောင်ပြာကျခဲ့ပါတယ်။
အလားတူပင် ဖေဖော်ဝါရီ ၂၀ ရက်မှာ တရော်ကိုင်းရွာက နေအိမ် ၂ လုံးကိုလည်း ဝင်ရောက် ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပေါင်းပြီး အင်အား ၁၂၀ ခန့်နဲ့ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်ရှိ ချောင်းကြားရွာကို မနေ့က မနက်ပိုင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
အိမ်ခြေ ၁၁၈ အိမ်ရှိတဲ့ ချောင်းကြားရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးတာဟာ အခုတစ်ခေါက်နဲ့ဆို သုံးကြိမ်ရှိပြီဖြစ်ပြီး နေအိမ် စုစုပေါင်း ၅၉ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
MK-003


